ကံပေါက်ရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းရုံးနှင့်ပိုက်လိုင်း ဖောက်ခွဲခံရ

0
614

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) ရုံးခန်းတစ်ခုနှင့် ဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဩဂုတ်လ ၉ ရက်က ကံပေါက်ဒေသ အိန္ဒာရာဇာရွာနှင့် ဆင်းကူးရွာကြားတွင်တစ်နေရာ၊ နတ်ကြီးစင်ရွာနှင့် စိန်ဘုံရွာကြားတွင် တစ်နေရာ ဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

ယင်းအပြင် ကံပေါက်ကျေးရွာအုပ်စုမှ အုန်းပင်ကွင်းကျေးရွာသို့သွားသည့် ကျေးရွာချင်းဆက်လမ်း အုန်းပင်ကွင်းရွာအနီးရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ကြီးကြပ်ကွပ်ကဲရေးစခန်းလည်း ဩဂုတ်လ ၃ ရက်က ဖောက်ခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့ကဆိုသည်။

ကြီးကြပ်ရေးစခန်းထဲက ဓာတ်ငွေ့ပိုက်ခေါင်းများ

ယင်းကြီးကြပ်ရေးစခန်းတွင် အင်ဂျင်နီယာများနေထိုင်လေ့ရှိပြီး ဓာတ်ငွေ့ပိုက်လိုင်းခေါင်းများကို ထိန်းချုပ်ထားသော နေရာတစ်ခုဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ယင်းဖောက်ခွဲတိုက်ခိုက်မူ သုံးကြိမ်စလုံးကို ကန်ပေါက်ဒေသ ကာကွယ်ရေးအဖွဲ့ (KBDF)နှင့် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့( TPLF)တို့ ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဖောက်ခွဲတိုက်ခိုက်မူဖြစ်ပြီးနောက် အုန်းပင်ကွင်းရွာ၊ ကောင်းမူရွာ၊ ဖောင်းတောရွာသို့ စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာပြီး သုံးရက်ဆက်တိုက် လုံခြုံရေးတင်းကျပ်ထားကြောင်း ဒေသခံအချို့က ဆိုသည်။

“ဘာတွေပျက်စီးသွားလည်း နောက်ပိုင်းဘာတွေဖြစ်လဲဆိုတာ မသိရတော့ဘူး။ မသိရဘူးဆိုတာက လမ်းမှာ ကင်းပုန်းဝပ်တာတွေရှိတယ်လို့ သတင်းထွက်နေတော့ ဘယ်သူ့မှ မသွားရဲ မလာရဲတာလည်းပါတာပေါ့” ဟု ကံပေါက်ဒေသခံတစ်ဦးက ဆိုသည်။

ယင်းဓာတ်ငွေ့ပိုက်လိုင်းသည် ရန်ကုန်တိုင်း သာကတမြို့သို့သွယ်တန်းထားပြီး ကရင်ပြည်နယ် မြိုင်ကလေး ဘိလပ်မြေစက်ရုံ အစရှိသည့် စစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်းများ လည်ပတ်ရေးအတွက် စွမ်းအင်ထောက်ပံ့နေခြင်းကြောင့် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တနင်္သာရီကမ်းလွန်မှထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ကံပေါက်ဒေသမှတစ်ဆင့် ထိုင်းနိုင်ငံသို့တင်ပို့ပြီး ကျန်ငွေ့အချို့ကို MOGE လုပ်ငန်းပိုင် ပိုက်လိုင်းဖြင့် သာကေတမြို့သို့ ပို့လွှတ်နေခြင်းဖြစ်သည်။

“ဒီကနေထွက်တဲ့ဓာတ်ငွေ့တွေကို မြန်မာနိုင်ငံကလည်း ခွဲတမ်းရတာရှိတယ်။ ကုမ္ပဏီတွေကနေပြီးရတဲ့ ဓာတ်ငွေ့ခွဲတမ်းတွေကို စုပြီးတော့မှ သာကေတဖက်ကို ပို့တဲ့ပိုက်လိုင်းတွေပါ” ဟု ဒေသခံတစ်ဦးက ရှင်းပြသည်။

ဩဂုတ်လ ၁ ရက်က ကံပေါက်ဒေသမှ ထိုင်းနိုင်ငံသို့တင်ပို့နေသည့် PTTEP ကုမ္ပဏီပိုင် ဇောတိကဓာတ်ငွေ့ပိုက်လိုင်း ယို့စိမ့်မူဖြစ်ပေါ်ခဲ့သဖြင့် ဓာတ်ငွေ့တင်ပို့မူ ရပ်ဆိုင်းထားခဲ့ရသည်။

ထိုင်းနိုင်ငံသို့တင်ပို့သည့်ပိုက်လိုင်းနှင့် MOGE ပိုင် ပိုက်လိုင်းနှစ်ခုစလုံးသည် အိန္ဒာရာဇာကျေးရွာအနီးမှ ဖြတ်သန်းသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။