ထားဝယ် ဇမ္ဗူသီရိအဖွဲ့ လူနာကူညီသယ်ဆောင်ရေးလုပ်ငန်းများ ယာယီရပ်နား

0
426

ထားဝယ်အခြေစိုက် ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေး ပရဟိတအဖွဲ့သည် ဩဂုတ် ၁၁ ရက် ယနေ့မှစ၍ အရေးပေါ်လူနာကူညီသယ်ဆောင်ပေးခြင်းလုပ်ငန်းများကို ယာယီရပ်နားလိုက်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ အသင်းရန်ပုံငွေရရှိမှု နည်းပါးလာပြီး စက်သုံးဆီ အခက်အခဲများ ဖြစ်ပေါ်လာမှုကြောင့် ယာယီရပ်နားရခြင်းဖြစ်ကြောင်း ယင်းအဖွဲ့၏ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။

“ယခု ကျွန်တော်တို့ကားတွေမှာ ဆီလည်း မရှိတော့ဘူး။ ရန်ပုံငွေလည်း မရှိတော့ဘူး။ ဒါကြောင့် ခဏတော့ နားရတော့မယ်” ဟု ၎င်းက ပြောဆိုသည်။

အသင်းကို လက်ရှိအခြေအနေအရ ယာယီရပ်နားရသော်လည်း ရန်ပုံငွေရရှိပြီး ပြန်လည် လည်ပတ်နိုင်သည့် အခြေအနေဖြစ်လာလျှင် ပြန်လည်ကူညီပေးမည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ယင်းအတွက်ကြောင့် ဆက်လက်လည်ပတ်နိုင်ရန်အတွက် အဖွဲ့ရုံးတွင် အလှူခံဌာနဖွင့်ကာ အလှူခံသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့ဥက္ကဋ္ဌက ဆိုသည်။

“လက်ရှိအခြေအနေရ ကျွန်တော်တို့ လုံးဝမရပ်နားချင်တာတော့အမှန်ပါ။ သက်ကြီးရွယ်အို ကလေးသူငယ် ကိုယ်ဝန်သည်အဆုံး ကျွန်တော်တို့ ဆက်လက်ကူညီပေးချင်ပါသေးတယ်။ မိဘပြည်သူများ အကူအညီလည်း လိုအပ်နေတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဇမ္ဗူသီရိအဖွဲ့သည် ထားဝယ်ခရိုင်အတွင်းရှိ အရေးပေါ်လူနာများကို ကူညီဆောင်ရွက်ပေးခြင်းအပါအဝင် အရေးပေါ်ကယ်ဆယ်ရေးနှင့် ကျေးရွာအခြေပြု ပရဟိတအသင်းများကိုလည်း လေ့ကျင့်သင်ကြားပေးခဲ့သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

“ပြည်သူတစ်ယောက်အနေနဲ့ ကြည့်ရင်တော့ အားကိုးရာမဲ့သလိုခံစားရတယ်။ ပရဟိတအသင်းငယ်အနေနဲ့ ကြည့်မယ်ဆိုရင် မိခင်အဖွဲ့အစည်းတစ်ခု မရှိတော့သလိုပဲ” ဟု လောင်းလုံးမြိုနယ်ရှိ ကျေးရွာအခြေပြု လူမှုကူညီရေး အသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့သည် ၂၀၁၃ ခုနှစ် ဧပြီ ၁၃ ရက်နေ့တွင် စတင်ထူထောင်ခဲ့ပြီး ၁၀နှစ်ကျော်တိုင်တိုင် အရေးပေါ်လူနာနှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။