ကျိုက်ထိုတွင် နေအိမ် ၃ လုံး ထပ်မံ ချိတ်ပိတ်ခံရ

0
483

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းမှ နေအိမ် ၃ လုံးကို စစ်ကောင်တပ်ဖွဲ့ဝင်များက လာရောက် ချိတ်ပိတ်သွားသည်ဟု  ဒေသခံတို့ထံမှ သိရသည်။

ကျိုက်ထိုမြို့  ကံ့ကော်ရပ်ကွက်ရှိ ကိုအေးမင်းထွန်း နေအိမ်၊ တောင်သူစုရပ်ကွက်ရှိ ကိုစံလင်း နေအိမ်နှင့် သိမ်ဇရပ်မြို့ရှိ ကိုဝင်းကိုတို့နေအိမ်များကို သြဂုတ်လ ၄ ရက်နေ့က လာရောက် ချိတ်ပိတ်သွားခဲ့ခြင်းဖြစ်သည်။

ကိုအေးမင်းထွန်း၊ ကိုစံလင်း၊ ကိုဝင်းကိုတို့သည် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်သည်ဟုဆိုကာ နေအိမ်များကို စစ်ကောင်စီက လာ‌ရောက်ချိတ်ပိတ် သွားခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

”ချိတ်ပိတ်သွားတဲ့အိမ်မှာ လူမရှိကြဘူး။ ပိတ်ထားတာကြာပြီ၊ အဲဒါကို နိုင်ငံတော်ပိုင် သိမ်းတယ်ဆိုပြီး စာကပ် ချိတ်ပိတ်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကိုအေးမင်းထွန်းသည် ရဲတပ်ကြပ်ကြီးတစ်ဦးဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ စစ်တပ် အာဏာသိမ်းပြီးနောက် CDM ပြုလုပ်၍ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့သူဖြစ်သည်။

လက်ရှိတွင် ကိုအေးမင်းထွန်းကို ပုဒ်မ ၅၀၅ က၊ ၅၀(ည) တို့ဖြင့် အမှုဖွင့်ထားသည့်အပြင်  ကိုစံလင်းနှင့် ကိုဝင်းကိုတို့ကိုလည်း ပုဒ်မ ၅၀၅(က)၊ အကြမ်းဖက်ပုဒ်မတို့ဖြင့် စစ်ကောင်စီက အမှုဖွင့်ထားသည်ဟုသိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ကျိုက်ထိုမြို့နယ်အတွင်းရှိ NLD (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) ပါတီကိုယ်စားလှယ်များ၊ NLD ပါတီထောက်ခံသူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ နေအိမ်များကို စစ်ကောင်စီက  ချိတ်ပိတ်မှု ဆက်တိုက်ပြုလုပ် လာခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးချိန်မှ ဧပြီလကုန်ပိုင်းအထိ စစ်ကောင်စီက ချိတ်ပိတ်ခဲ့သည့် နေအိမ်အဆောက်အအုံပေါင်း တစ်နိုင်ငံလုံးတွင် ၅၇၀ ကျော်ရှိကြောင်း သိရသည်။