တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
391

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇူလိုင်လ ၃၀ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ

အယ်လ်ခိုင်ဒါခေါင်းဆောင်ကို သုတ်သင်လိုက်ပြီလို့ သမ္မတ ဂျိုးဘိုင်ဒင် ကြေညာ

အယ်လ်ခိုင်ဒါအဖွဲ့ခေါင်းဆောင် အိုင်မန်းအယ်လ်ဇာဝါဟီရီ (Ayman al-Zawahiri) ကို ဒရုန်းတိုက်ခိုက်မှုတစ်ခုအတွင်း သုတ်သင် နိုင်ခဲ့တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သြဂုတ်လ ၁ ရက်နေ့မှာ အိမ်ဖြူတော်ကနေ ကြေညာလိုက်ပါတယ်။

အယ်လ်ခိုင်ဒါအဖွဲ့ရဲ့ ယခင်ခေါင်းဆောင် အိုစမာဘင်လာဒင်ကို သုတ်သင်ပြီး ဆယ်စုနှစ်တစ်ခုကျော်အ ကြာမှာ ဒီတိုက်ခိုက်မှုကို အာဖဂန်နစ္စတန်နိုင်ငံမှာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်မှာ အိုစမာဘင်လာဒင်ကို သုတ်သင်ပြီးတဲ့နောက် ခေါင်းဆောင်ဖြစ်လာတဲ့ အယ်လ်ဇာဝါ ဟီရီဟာ ပုန်းအောင်းနေတဲ့နေရာကို သတင်းအတိအကျပေးနိုင်ရန် ဒေါ်လာ ၂၅ သန်း ချီးမြှင့်မယ်လို့ အမေရိကန် အာဏာပိုင်တွေက ဆုကြေး ထုတ်ထားခဲ့ပါတယ်။

Ref: DW

တောင်ကိုရီးယားမှာ ငါးနှစ်ကနေစပြီး ကျောင်းအပ်ရမယ့်အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြ

တောင်ကိုရီးယား အစိုးရက အကောင်အထည်ဖော်ဖို့ရှိတဲ့ ကလေးတွေကို ငါးနှစ်သားကနေစလို့ ကျောင်းအပ်နှံရမယ့် အစီအစဉ်ကို မိဘများနဲ့ ဆရာတွေက ဩဂုတ်လ ၁ ရက်နေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

၂၀၂၅ ခုနှစ် နှစ်စမှ စတင်မယ့် အသက်အရွယ်လျှော့ချကာ ကျောင်းအပ်နှံရမယ့် အစီအစဉ်ကို အကောင်အထည်ဖော်သွားတော့မယ်လို့ ပညာရေးဝန်ကြီးဌာနကနေ ပြောကြားခဲ့ပြီးတဲ့နောက်မှာတော့ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

တောင်ကိုးရီးယားမှာ မူလက အသက် ၆ နှစ်မှသာ ကျောင်းစအပ်ဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားရှိ မိသားစုတွေမှာ မိဘနှစ်ပါးစလုံးက အလုပ်လုပ်ကြရလို့ ကလေးတွေ နေ့လယ်ပိုင်း ကျောင်းဆင်းပြီးတဲ့နောက်ပိုင်း ပြုစုစောင့်ရှောက်ပေးမယ့် နေရာတွေ ရှာရခက်တာကြောင့် ဖြစ်တယ်လို့ ဆိုကြပါတယ်။

Ref: Reuters

ကျွမ်းကျင်လုပ်သားတွေနဲ့ ရင်းနှီးမြုပ်နှံသူတွေအတွက် ၁၀ နှစ်ဗီဇာအစီအစဥ် ထိုင်းစတင်

ထိုင်းနိုင်ငံဟာ ကျွမ်းကျင်လုပ်သားတွေ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ဖို့ လှုပ်ရှားမှုတစ်ခုအဖြစ် ဆယ်နှစ်ပြည်ဝင်ခွင့်ဗီဇာကို စက်တင်ဘာလမှာ စတင်မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။

လာမယ့်ငါးနှစ်အတွင်း ဂျပန်နဲ့ အခြားစီးပွားရေးနိုင်ငံတွေကနေ လူတစ်သန်း ခေါ်ယူဖို့ ရည်ရွယ်ထားတဲ့အတွက် ဒီစီမံကိန်းကို စတင်တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ လျှပ်စစ်ကား၊ အီလက်ထရွန်းနစ်၊ ဆေးဝါးနှင့် ကာကွယ်ရေး အပါအဝင် စက်မှုနည်းပညာ အမျိုးအစား ၁၀ ခုကျော် ပါဝင်တဲ့ ကုမ္ပဏီတွေ ဒါမှမဟုတ် သုတေသနအဖွဲ့တွေက ကျွမ်းကျင်သူတွေကို ရှာဖွေနေတာဖြစ်လို့ လျှောက်လွှာတွေကို စက်တင်ဘာ ၁ ရက်ကနေ စတင်လက်ခံမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်သူတွေဟာ ဝင်ငွေခွန် ၃၅ ရာခိုင်နှုန်းအထိ ပေးဆောင်ရမယ်လို့ ဆိုပေမယ့်လည်း ယခုဗီဇာရရှိတဲ့သူတွေအနေနဲ့ ၁၇ ရာခိုင်နှုန်းထိသာ ပေးဆောင်ရမှာဖြစ်တဲ့အပြင် ထိုင်းနိုင်ငံသားလေးဦးကို ခန့်ရမယ်ဆိုတဲ့အချက်ကိုလည်း ကင်းလွတ်ခွင့်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

Ref: NIKKEI Asia

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ထိုင်ဝမ် ရောက်ရှိ

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်ဝမ်ကျွန်းကို ဩဂုတ်လ ၂ ရက်နေ့ ဒေသခံတော်ချိန် ၁၁ နာရီ ထိုးခါနီးမှာ တရုတ်အစိုးရက အကြိမ်ကြိမ် တားမြစ်၊ သတိပေး၊ ခြိမ်းခြောက်မှုတွေ လုပ်နေတဲ့ကြားကနေ ရောက်ရှိသွားခဲ့ပါတယ်။

သြဂုတ်လ ၃ ရက် ထိုင်ဝမ် ဒေသစံတော်ချိန် မနက်ပိုင်းမှာ Nancy Pelosi က ထိုင်ဝမ်လွှတ်တော်ကို အဖြူရောင်ဝတ်စုံဝတ်ဆင်ပြီး ထိုင်ဝမ်ဟာ ကမ္ဘာပေါ်မှာ အလွတ်လပ်ဆုံး လူ့အဖွဲ့အစည်းတွေထဲက တစ်ခု လို့ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့တာပါ။

တရုတ်ကတော့ နန်စီပလိုစီရဲ့ထိုင်၀မ်ကိုသွားရောက်ခဲ့တဲ့ ခရီးစဥ်နဲ့ပတ်သက်လို့ ထိုင်၀မ်မြေကို စတင်ခြေချကတည်းက ပြင်းထန်တဲ့ကန့်ကွက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေကာ အမေရိကန်အနေနဲ့ ဒီဖြစ်ရပ်အတွက် ပေးဆပ်ရမယ်လို့ တရုတ်အစိုးရက ပြောကြားထားပါတယ်။

Ref: BBC

ထိုင်ဝမ်ကို ကုန်သွယ်ရေးတားမြစ်ချက်တွေ တရုတ်ချမှတ်

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ရဲ့ ထိုင်ဝမ်ခရီးစဉ်ကြောင့် ဩဂုတ်လ ၃ ရက် ဗုဒ္ဓဟူးနေ့မှာ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကနေ သစ်သီးနဲ့ ငါး တင်သွင်းတာတွေ တားမြစ်ခဲ့ပြီး ထိုင်ဝမ်ကို သဲတင်ပို့မယ့် သင်္ဘောတွေကိုပါ ရပ်ဆိုင်းထားစေခဲ့တယ်လို့ သိရပါတယ်။

တရုတ်အကောက်ခွန်ဌာနကနေ ထိုင်ဝမ်က တင်ပို့တဲ့ ရှောက်သံပုရာမျိုးဝင် အသီးတွေကနေ ပိုးသတ်ဆေးတွေကို စစ်ဆေးတွေ့ရှိရတာကြောင့် သစ်သီးတင်သွင်းမှု အချို့ ကို ဆိုင်းငံ့ထားကာ ငါးတင်ပို့ရာမှာလည်း ဘူးခွံတွေအပေါ် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိရတယ်လို့ပြောကာ ဆိုင်းငံ့ထားခဲ့ပါတယ်။

ဒါဟာပုံမှန်လုပ်နေကျ တရုတ်အကွက်တွေသာဖြစ်ပြီး လာမယ့်ရက်တွေမှာ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာဆိုင်ရာ ကုန်သွယ်မှုတွေကို ပိုမိုဖြတ်တောက်သွားနိုင်ဖွယ်ရှိတယ်လို့ စိုက်ပျိုးရေးလေ့လာသုံးသပ်သူတွေကနေ ပြောကြားခဲ့ပါတယ်။

Ref: Aljazeera

ဆွီဒင်နှင့် ဖင်လန် နေတိုးဝင်ခွင့်အတွက် အမေရိကန်အထက်လွှတ်တော် အတည်ပြု

ရုရှား-ယူကရိန်း အရေးအခင်းနဲ့ ပတ်သက်လို့ ရုရှားရဲ့ လုပ်ရပ်ကို တုံ့ပြန်ဖို့ အမေရိကန် အထက်လွှတ်တော်ကနေ ဩဂုတ်လ ၃ ရက်နေ့မှာ ဖင်လန်နိုင်ငံနဲ့ ဆွီဒင်နိုင်ငံတို့ကို နေတိုးအဖွဲထဲသို့ ဝင်ရောက်ခွင့် အတည်ပြုလိုက်တယ်လို့ သိရပါတယ်။

ဖင်လန်နှင့် ဆွီဒင်တို့ကို နေတိုးအဖွဲ့သို့ ဝင်ခွင့်ပြုရေး အတည်ပြုဖို့ အထက်လွှတ်တော်မှာ မဲခွဲခဲ့ရာ ထောက်ခံမဲ ၉၅ မဲ ဆန့်ကျင်မဲ တစ်မဲသာရရှိခဲ့လို့ အလွယ်တကူ ကျော်ဖြတ်ကာ အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဖင်လန်နှင့် ဆွီဒင်တို့အနေနဲ့ နေတိုးအဖွဲ့ အစည်းအဝေးတွေကို တက်ရောက်ခွင့်နဲ့ သတင်း ရယူခွင့်တို့ ရရှိနေပေမဲ့ နေတိုးကာကွယ်ရေးစာပိုဒ်မှာ ဖော်ပြထားတဲ့ မဟာမိတ်တစ်ဦးကို တိုက်ခိုက်ပါက အားလုံးကို တိုက်ခိုက်တာဖြစ်တယ်ဆိုတဲ့ ပုဒ်မ ၅ ရဲ့ ကာကွယ်မှုကိုတော့ မရသေးဘူးလို့ သိရပါတယ်။

Ref: CNN

အမေရိကန်ရေကြီးမှုကြောင့် သေဆုံးသူ ၃၇ ဦးရှိလာပြီး လူရာချီပျောက်ဆုံးနေ

အမေရိကန်ပြည်ထောင်စု၊ကင်တပ်ကီပြည်နယ်အရှေ့ပိုင်းမှာ မိုးပိုများလာကာ ရေကြီးမှုကြောင့် အနည်းဆုံး ၃၇ ဦးသေဆုံးခဲ့ပါတယ်လို့ ဩဂုတ်လ ၁ ရက်နေ့မှာ ကင်တပ်ကီပြည်နယ်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁ နှစ်ကနေ ၈ နှစ်အထိ ကလေးငယ် အနည်းဆုံး ၆ ဦးအထိပါဝင်နေကာ ပျောက်ဆုံးနေသူရာချီကို ရှာမတွေ့သေးတာကြောင့် သေဆုံးသူဦးရေမြင့်တက်လာနိုင်တယ်လို့ ကင်တပ်ကီပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောကြားထားပါတယ်။

အိမ်ခြေ ၁၂၀၀၀ ကျော် လျှပ်စစ်ဓာတ်အားပြတ်တောက်နေကာ နစ်မြုပ်နေတဲ့ လမ်းတွေ၊ တံတားတွေနဲ့ တခြားအခြေခံအဆောက်အအုံတွေ ပျက်စီးသွားခဲ့တာကို ပြန်လည်ပြင်ဆင်ဖို့ ဒေါ်လာသန်းချီကုန်ကျလိမ့်မယ်လို့လည်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

Ref: The New York Time

အမေရိကန်က ယူကရိန်းကို ဒေါ်လာ သန်း ၅၅၀ တန်ကြေးရှိ စစ်လက်နက်တွေ ထပ် ပေးမယ်

အမေရိကန်နိုင်ငံက အဆင့်မြင့် တာလတ်ပစ်ဒုံးပစ်လောင်ချာတွေ၊ အမြောက်စနစ်တွေ အပါအဝင် ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို တွန်းလှန်ဖို့ ယူကရိန်းကို ဒေါ်လာ သန်း ၅၅၀ တန်ကြေးရှိ စစ်လက်နက်တွေ ပေးပို့မယ်လို့ အမေရိကန်အစိုးရကနေ သြဂုတ်လ ၁ ရက်မှာ ကြေညာခဲ့ပါတယ်။

ဒီစစ်လက်နက်တွေအပါအဝင် ရုရှားကျူးကျော်စစ်နောက်ပိုင်း ယူကရိန်းနိုင်ငံကို ပေးအပ်တဲ့ လုံခြုံရေးအကူအညီက ဒေါ်လာ ၈ ဒသမ ၁ ဘီလီယံအထိ ရှိလာပါပြီလို့ အမေရိကန်အစိုးရက ကြေညာခဲ့ပါတယ်။

ဒီစစ်လက်နက်တွေဟာ ၂၀၂၁ ခုနှစ် သြဂုတ်လနောက်ပိုင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနကနေ ယူကရိန်းနိုင်ငံသို့ ၁၇ ကြိမ်မြောက် ပေးပို့တာဖြစ်ပါတယ်။

Ref: NDTV

အိန္ဒိယမှာ မျောက်ကျောက်ရောဂါကြောင့် ပထမဆုံးသေဆုံး

အိန္ဒိယနိုင်ငံ တောင်ပိုင်း ကေလာရာပြည်နယ်မှာ လူငယ်တစ်ဦး မျောက်ကျောက်ရောဂါကြောင့် သေဆုံးခဲ့ပြီး ဒါဟာ အာရှမှာ ဒီရောဂါကြောင့် ပထမဆုံး သေဆုံးလူနာဖြစ်တယ်လို့ အိန္ဒိယကျန်းမာရေးဌာနကနေ သြဂုတ်လ ၁ ရက်နေ့မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က မျောက်ကျောက်ရောဂါကြောင့် စပိန်မှာ ၂ ဦး၊ ဘရာဇီးမှာ ၁ ဦးသေဆုံးခဲ့ပါတယ်။

မျောက်ကျောက်ရောဂါကြောင့် သေဆုံးမှုများရှိလာတော့မယ်လို့ WHO က အသိပေးထားပြီးဖြစ်ကာ ဇူလိုင် ၂၃ ရက်ကတည်းကနေ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အနေနဲ့ ကြေညာခဲ့ပါတယ်။

Ref: BBC

နယူးဇီလန် နယ်စပ်တွေ ခရီးသွားတွေအတွက် ပြန်ဖွင့်

၂၀၂၀ ခုနှစ် မတ်လကစတင် ပိတ်ထားခဲ့တဲ့ နယူးဇီလန်နယ်စပ်တွေကို ခရီးသွားတွေအားလုံးအတွက် ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်တယ်လို့ ဩဂုတ်လ (၁) ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ဗီဇာလိုအပ်တဲ့ ဧည့်သည်တွေနဲ့ ကျောင်းသားဗီဇာရှိသူတွေ နယူးဇီလန်ကို ပြန်လည်ဝင်ရောက်ခွင့်ရှိတော့မှာဖြစ်ပြီး နယူးဇီလန်ရဲ့ ဆိပ်ကမ်းတွေမှာ အပျော်စီးသင်္ဘောတွေနဲ့ နိုင်ငံခြား အပန်းဖြေ ရွက်လှေတွေကိုလည်း ဆိုက်ကပ်ခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာကျောင်းသားတွေဟာ နယူးဇီလန်နိုင်ငံရဲ့ စီးပွားရေးအတွက် အရေးပါတဲ့ ပံ့ပိုးကူညီသူတွေ ဖြစ်ကြပြီး နယ်စပ်တွေ ပြန်လည်ဖွင့်လှစ်ခြင်းကလည်း နိုင်ငံအထဲမှာရှိတဲ့ ကျောင်းတွေနဲ့ တက္ကသိုလ်တွေပြန်လည် အားကောင်းလာတော့မယ်လို့ ဆိုထားပါတယ်။

Ref: Business Times