ကင်းမွန် စျေးကောင်းရ

0
636

မိုးရာသီအတွင်း ဖမ်းဆီးရမိနေသည့် ကင်းမွန်များ လက်ရှိအချိန်တွင် စျေးကောင်းရနေကြောင်း ရေလုပ်သားများ ထံမှသိရသည်။

နွေရာသီတွင် ကင်းမွန်အကြီးအငယ်ရောနှော တစ်ကီလို ကျပ် ၅၀၀၀ မှ ၆၀၀၀ ခန့်အထိသာရရှိခဲ့ရာမှ လက်ရှိ မိုးရာသီတွင် ပင်လယ်ရောင်းစျေး တစ်ကီလို ၁၁၀၀၀ ကျပ်အထိ ပေါက်စျေးရရှိနေကြောင်း ကင်းမွန်ငါးဖမ်းလှေ လုပ်ကိုင်ကြသူများ ကပြောသည်။

“တဖြည်းဖြည်းနဲ့ စျေးတက်လာတာ ခုဆိုရင် တစ်သောင်းတစ်ထောင်အထိ အဝယ်လှေတွေက ပေးနေကြတယ်”ဟု ဘုတ်ပြင်းမြို့နယ်၊ အလယ်မန်ကျေးရွာအုပ်စုနေ ကင်းမွန်ငါးဖမ်းလှေလုပ်ကိုင်သူ အမျိုးသားတစ်ဦး ကပြောသည်။

ပင်လယ်ပြင်အတွင်း ကင်းမွန်များကို ဆောင်ဦးရာသီ အောက်တိုဘာလမှ နွေနှောင်းရာသီ ဧပြီလကုန်အထိ ဖမ်းဆီးကြပြီး မိုးရာသီတွင်မူ ဖမ်းဆီးသူ ရှားသည်။

“အရတော့နည်းတာပေါ့ လှိုင်းနဲ့လေနဲ့ မိုးလေပြင်းတော့ အလုပ်လုပ်ချိန် သိပ်မရှိဘူး”ဟု ကင်းမွန်ဖမ်းသူ လငန်းကျေးရွာဒေသခံ အမျိုးသား ကပြောသည်။

ကီလိုနှစ်ဆယ်ဝင်ဆံ့သည့် နံပါတ်တစ်ဆိုဒ်ကင်းမွန် တစ်ဗန်းလျှင် နွေရာသီရောင်းစျေး ကျပ်တစ်သိန်းခုနှစ်သောင်း စျေးပေါက်ခဲ့ရာမှ လက်ရှိ မိုးရာသီတွင်ဖမ်းမိသည့် ကင်းမွန်တစ်ဗန်း ကျပ်နှစ်သိန်းခွဲအထိ စျေးရနေသည်ဟု ယင်းလုပ်ငန်း လုပ်ကိုင်နေသူများ ကပြောသည်။

“အရင်အပတ်က ထိုင်းကို ၄ ဗန်းတင်ပေးလိုက်တာ စရိတ်နုတ်ပြီး မြန်မာငွေ ၁၁ သိန်းကျန်တယ်၊ ဘတ်စျေးကလည်း အရမ်းတက်လာလို့ဖြစ်မယ်”ဟု အလယ်မန်ကျေးရွာအုပ်စုမှ ကင်းမွန်ရောင်းဝယ်သူကပြောသည်။

ကင်းမွန်စျေးတက်သော်လည်း စက်သုံးဆီစျေးနှင့် စားစရိတ် ထောင်းသည့်အတွက် ကျန်သင့်သလောက်မကျန်ဟု ရေလုပ်သားများကပြောသည်။

လက်ရှိဒီဇယ်ဆီ တစ်ဂါလံ ၁၂၀၀၀ ကျပ်ဖြင့် ဝယ်သုံးနေရပြီး ဆန်ကြမ်းတစ်အိတ် ငါးသောင်းခွဲဖြင့် ဝယ်ယူစားသုံးနေရကြောင်း ဒေသခံရေလုပ်သားများ ကပြောပြသည်။

ကင်းမွန်များကို ဒေသခံများက ဆောင်းဦးရာသီမှ နွေနှောင်းရာသီအထိ ပင်လယ်ပြင်အတွင်း လျှပ်စစ်မီးအသုံးပြုကာ ဖမ်းဆီးလေ့ရှိကြပြီး မိုးရာသီတွင်မူ ဖမ်းဆီးသူရှားကြောင်း ဒေသခံများ ထံမှသိရသည်။

ပြီးခဲ့သည့်ကင်းမွန်ဖမ်းရာသီက ကင်းမွန်အရနည်းပြီး စက်သုံးဆီစျေး မြင့်တက်လာသည့်အတွက် ဖမ်းဆီးကြသူအများစု အရှုံးပေါ်ခဲ့ရကြောင်း ကင်းမွန်လုပ်ငန်းလုပ်သူ အသိုင်းအဝိုင်းမှ သိရသည်။