ဝေါလေတိုက်ပွဲကြောင့် ထိုင်းသို့စစ်ဘေးရှောင်နေသည့် မြန်မာဒုက္ခသည် ၁၁၈ ဦးကို နေရပ်ပြန်ပို့

0
493

မြန်မာနိုင်ငံအတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံ၊တာခ့်ခရိုင် ဖို့ဖရာ့ဒေသသို့ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာဒုက္ခသည် ၁၁၈ ဦးကို ဇူလိုင်လ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ကရင်ပြည်နယ် မြဝတီမြိုနယ် ဝေါလေဒေသအတွင်း ဇွန်လကုန်ပိုင်းက စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယင်းမြန်မာဒုက္ခသည်များမှာ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်သည်။

ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာဒုက္ခသည်များကို ထိုင်းနိုင်ငံ တာခ့်ခရိုင် ဖို့ဖရာ့ဒေသအတွင်းရှိ ယာယီစစ်ရှောင်စခန်းများတွင် ခိုလုံခွင့်ပေး၍ လိုအပ်သည်များကို အကူအညီပေးလျက်ရှိကြောင်း၊ တိုက်ပွဲများငြိမ်သွားသဖြင့် မြန်မာနိုင်ငံဘက်သို့ အသုတ်လိုက် ပို့ဆောင်ပေးလျက်ရှိရာတွင် ယခုအကြိမ်မှာ ဘန့်မူအ်လုချိုင်ယာယီစခန်းမှ နောက်ဆုံးအသုတ်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးအသုတ်အဖြစ် မြန်မာနိုင်ငံသို့ နေရပ်ပြန်ပို့ပေးသော မြန်မာစစ်ဘေးရှောင်ဒုက္ခသည် ၁၁၈ ဦးတွင် အမျိုးသား ၆၈ ဦးနှင့် အမျိုးသမီး ၅၀ ဦးတို့ပါဝင်ပြီး အမှတ် ၁၄ ထိုင်းတပ်မတော်က စက်လှေများဖြင့် မြစ်ကိုဖြတ်ကာ မြန်မာနိုင်ငံ ဝေါလေဒေသဘက်သို့ ကူညီပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ယခုလက်ရှိအချိန်တွင် တာခ့်ခရိုင် ဖို့ဖရာ့ဒေသအတွင်း၌ မြန်မာစစ်ဘေးရှောင်များ မရှိတော့သဖြင့် စစ်ဘေးရှောင်စခန်းကို ယာယီပိတ်သိမ်းပြီဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ် စစ်ဘေးရှောင်ကူညီရေးတပ်ဖွဲ့များက ပြောကြားသည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဇွန်လ ၃၀ ရက်မှစ၍ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ် ဝေါလေဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သော မြန်မာနိုင်ငံသား ၈၀၀ ကျော်အထိရှိကြောင်း တာခ့်ခရိုင် တာဝန်ရှိသူများကပြောကြားထားသည်ကို Bangkok Post ကရေးသားထားသည်။

Ref: แม่สอด มีเดีย-Mae Sot Media, AEC อาเซียน News