ထားဝယ်မြို့တွင် လုပ်ငန်းလိုင်စင် စစ်ဆေးတင်းကျပ်သဖြင့် ကုန်ပစ္စည်းသယ်ယူရေးအခက်တွေ့

0
505
ထားဝယ်မြို့အတွင်းရောက်ရှိလာတဲ့ ကျေးလက်ဒေသမှ ခရီးသည်တင်ကားများ

ထားဝယ်မြို့တွင် ကားများကို လုပ်ငန်းလိုင်စင်စစ်ဆေးမှု တင်းကျပ်နေသဖြင့် ကုန်ပစ္စည်း သယ်ယူရေးနှင့် ခရီးသည်ပို့ဆောင်ရေးတို့အတွက် အခက်အခဲကြုံတွေ့နေရကြောင်း နယ်ကားသမားအချို့က ပြောသည်။

ယာဉ်လိုင်စင်၊ အုံနာစာအုပ် စသည်တို့ ပြည့်စုံကြသော်လည်း ‌ထားဝယ်ခရိုင်ရှိ နယ်ကားသမား အများစုတွင် လုပ်ငန်းလိုင်စင် မရှိကြပေ။

ထားဝယ်ခရိုင်ရှိ ဒေသခံများသည် အန်စာတုံး၊ ခွေးဘီလူး စသည့် ကားများကို ဝယ်ယူကာ တနိုင်တပိုင် ခရီးသည် ပို့ဆောင်ခြင်း၊ ကုန်ပစ္စည်းသယ်ယူခြင်းတို့ လုပ်ကိုင်ကြသည်။

အာဏာမသိမ်းခင်ကမူ လုပ်ငန်းလိုင်စင် စစ်ဆေးမှုမရှိသဖြင့် အဆင်ပြေခဲ့သော်လည်း အာဏာသိမ်းပြီးနောက် လုပ်ငန်းလိုင်စင် စစ်ဆေးမှုတင်းကျပ်လာကြောင်း ကားသမားအချို့က ပြောသည်။

“လုပ်ငန်းဆိုပြီးလည်း ပြောလို့မရ။ နေ့တိုင်း ကားဆွဲနေရရင်တော့ ဟုတ်တာပေါ့။ အခုက ငှားတဲ့သူရှိမှ အော်ဒါ လိုက်ရတာဆိုတော့ လုပ်ငန်းလိုင်စင်ဆိုပြီး လုပ်မနေတော့တာ။ အရင် (အာဏာမသိမ်းခင်က) က သွားလို့ရနေ တာလည်း ပါတာပေါ့” ဟု လောင်းလုံးဒေသခံ ကားသမားတစ်ဦးက ဆိုသည်။

ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွား လာပြီးနောက် လုပ်ငန်းလိုင်စင်ဆေးမှု ပိုမိုတင်းကျပ်လာကြောင်း သရက်ချောင်းမြို့နယ်မှ ကားသမားတစ်ဦးက ပြောဆိုသည်။

“ပေါက်တိုင်းတံတားမှာဆို ကားပေါ်မှာ ဆန်အိတ်တစ်အိတ်ပါတာတောင် မရဘူး။ အကြောင်းပြချက် အမျိုးမျိုးပြောပြီး သယ်ခွင့်မ‌ပေးဘူး။ သူတို့တောင်းတာ အကုန်ပြနိုင်ရင် လုပ်ငန်းလိုင်စင် ပြခိုင်းတယ်။ မရှိတော့ ချလံဖြတ် (ဒဏ်ငွေဆောင်) ရတယ်” ဟု ၎င်းကားသမားက ဆိုသည်။

လောင်းလုံးမြို့နယ်သို့ ဆက်သွယ်ထားသည့် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင်မူ ပေါက်တိုင်းတံတားကဲ့သို့ စစ်ဆေးတင်းကျပ်မှု အမြဲတမ်းမရှိဘဲ ကုန်ပစ္စည်း သယ်ယူခွင့်ရှိကြောင်း ကားသမားအချို့က ပြောသည်။

“(ကမြောကင်းတံတားမှာတော့) အမြဲတမ်းတော့ မစစ်ဘူး။ စစ်တဲ့အခါနဲ့ တိုးရင်တော့ ဒဏ်ငွေဆောင်ရတယ်” ဟု ကားသမားတစ်ဦးက ဆိုသည်။

ယင်းအတွက်ကြောင့် ကားငှားသမားရှိသော်လည်း လုပ်ငန်းလိုင်စင်မရှိသဖြင့် ယခင်အာဏာမသိမ်းခင်ကကဲ့သို့ အလွယ်တကူ အော်ဒါလက်မခံရဲတော့ကြောင်း ကားသမားအချို့က ဆိုသည်။

“ကားတစ်ခေါက်သွားရင် ကိုယ့်အတွက်ကျန်တာက တစ်သောင်း နှစ်သောင်း၊ လုပ်ငန်းလိုင်စင် အစစ်ခံရရင် တစ်သိန်းဆိုလည်း ပေးရတာပဲ။ အဲဒီတော့ မလိုက်ဘဲနေတာ ပိုကောင်းတာပေါ့” ဟု ထားဝယ်အရှေ့တောနယ်မှ ကားသမားတစ်ဦးက ဆိုသည်။

သို့သော် ကားသမားအချို့မှာ လုပ်ငန်းလိုင်စင် မရှိသော်လည်း အော်ဒါလိုက်လေ့ရှိကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်က တစ်ခါကြုံဖူးတယ်ဗျ။ ကြက်ဥသွားပို့တာ လုပ်ငန်းလိုင်စင်မရှိလို့ဆိုပြီး အရစ်ခံရဖူးတယ်။ ပေါက်တိုင်းတံတားမှာ” ဟု အခြားကားသမားတစ်ဦးက ဆိုသည်။

တစ်နှစ် သို့မဟုတ် နှစ်နှစ်သက်တမ်းရှိ လုပ်ငန်းလိုင်စင် တစ်စောင်ကို ငါးသောင်းကျပ် ဝန်းကျင်‌ကုန်ကျကြောင်း ကားသမားအချို့ထံမှ သိရသည်။

သို့သော် အော်ဒါငှားသူရှိမှ အလုပ်ဖြစ်သောကြောင့် နယ်ကားပိုင်ရှင်အချို့မှာ လုပ်ငန်းလိုင်စင်လုပ်‌လေ့
မရှိကြောင်း ၎င်းတို့ကဆိုသည်။

“အိမ်မှာစားဖို့ ဆန်လေး၊ ဆီလေး နည်းနည်းပါးပါးသယ်လာလို့ ဂိတ်မှာ မော်တော်ပီကယ်ရှိနေတယ်ဆို မဖြတ်ရဲတော့ဘူး” ဟု ကားသမားတစ်ဦးက ဆိုသည်။

တနိုင်တပိုင်းကားသမားအချို့ လုပ်ငန်းလိုင်စင်လုပ်ရန် နောက်ထပ် အခက်အခဲတစ်ခုမှာ မူရင်းယာဉ်ပိုင်ရှင်နှင့် ဆက်သွယ်မရတော့ခြင်းဖြစ်သည်။

“လုပ်ငန်းလိုင်စင် လုပ်တော့မယ်ဆို ပိုင်ရှင်ရဲ့ မှတ်ပုံတင် တင်ပြရတယ်။ ကားကိုတဆင့်ခံ ဝယ်ထားတဲ့သူတွေကျတော့ အခုမှ လိုင်စင်လုပ်မယ်လည်းဆိုရော အရင်သူတို့ဝယ်ထားတဲ့သူက ဆက်သွယ်လို့ မရတော့ဘူး။ ကိုယ့်မှတ်ပုံတင်နဲ့ လုပ်မရဘူးလားဆိုတော့ ရတော့ရတယ်။ ဒါပေမယ့် ကားပိုင်ရှင်ကတစ်ယောက် လုပ်ငန်းလိုင်စင်က တစ်ယောက်ဖြစ် နေရင်လည်း အရစ်ခံရနိုင်သေးတယ်လေ” ဟု ကားသမားတစ်ဦးက ရှင်းပြသည်။

ကိုယ်တိုင်လုပ်ငန်းလိုင်စင်လုပ်ရန် အခက်အခဲရှိသူများအဖို့ ပွဲစားဖြင့်ဆက်သွယ်ပြီး လုပ်ဆောင်နေသူတို့ လည်းရှိကြောင်း ၎င်းကပြောသည်။

“ကျွန်တော်ကတော့ စိတ်ရှုပ်မခံတော့ဘူး။ ပွဲစားနဲ့ လုပ်လိုက်တယ်” ဟု ၎င်းကဆက်လက်ပြောဆိုသည်။

လုပ်ငန်းလိုင်စင်အပြင် ခါးပတ်မတပ်သူ စသည်ဖြင့် ယာဉ်စည်းကမ်းနှင့်ဆိုင်သည်တို့ကိုလည်း အာဏာသိမ်းပြီးနောက်ပိုင်း တင်းတင်းကျပ်ကျပ် စစ်ဆေးလာသဖြင့် ကားသမားများမှာ မကြာခဏဆိုသလို ဒဏ်ငွေဆောင်နေရကြောင်း ပြောဆိုကြသည်။

ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေပြီး ဝင်ငွေရမည့်အလုပ်အကိုင်ရှားပါးနေချိန် ယာဉ်စည်းကမ်းကို တင်းတင်း ကျပ်ကျပ်စစ်ဆေးပြီး ဒဏ်ငွေရိုက်‌နေခြင်းမှာ အခြေခံလူတန်းစားများကို ပိုမိုအခက်တွေ့စေကြောင်း ကားသမားအချို့က ညီးတွားပြောဆိုကြသည်။