မြိတ်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခံရ

0
897

မြိတ်မြို့၊ ကန်ကြီးရပ်ကွက်၊ အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် အပစ်ခံရပြီး ဆေးရုံတွင် အရေးပေါ်ကုသနေရကြောင်း ဒေသခံများ ထံမှသိရသည်။

အသက် ၅၀ ကျော်အရွယ်ရှိ ကန်ကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဆင့်သည် ဇူလိုင်လ ၂၈ ရက်(ယနေ့)နံနက် ၅ နာရီဝန်းကျင်တွင် တပ်ပြင်စျေး၌ အပစ်ခံရခြင်းဖြစ်သည်ဟု ဒေသခံများ ကပြောသည်။

“စျေးခင်းနေချိန်မှာ လာပစ်သွားတယ်လို့သိရတယ်။ ရှပ်ထိတယ်လို့ပြောနေကြတယ်။ လက်ရှိဆေးရုံတင်ထားရတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။

ယင်းအုပ်ချုပ်ရေးမှူးကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းကြောင့် ပစ်ခတ်ရသည်ကို မသိရှိရသေးကြောင်း၊ သေနတ်ဒဏ်ရာ လေးချက်ခန့် ရရှိသည်ဟုသိရကြောင်း ဒေသခံများ ကပြောသည်။

၎င်းသည် စစ်ကောင်စီမှ ခန့်ထားသည့် အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ပြီး မိန်းမဖြစ်သူမှာ တပ်ပြင်စျေးတွင် စျေးရောင်းချနေကြောင်း ဒေသခံများ ကပြောပြသည်။

အုပ်ချုပ်ရေးမှူး အပစ်ခံရပြီးနောက် တပ်ပြင်စျေးအနီးတဝိုက်နှင့် ရေပုန်းရပ်ကွက် လမ်းမကြီးတစ်လျှောက်တွင် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာများအား စစ်ဆေးမှု တင်းကျပ်စွာပြုလုပ်နေသည်ဟု ဒေသခံများ ကဆိုသည်။