လမ်းပေါ်ချထားသည့် အထုပ်များကို မကောက်ယူရန် မြိတ်(ပကဖ)သတိပေး

0
295

မြိတ်မြို့အတွင်း လမ်းပေါ်ချထားသည့် အထုပ်များအား ကောက်ယူခြင်း မပြုလုပ်ကြရန် မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်လိုက်သည်။

ဇူလိုင်လ ၂၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ပြည်သူများ လမ်းပေါ်ရှိ ကိုယ်နှင့် မသက်ဆိုင်သော အရာဝတ္ထုများအား ကောက်ယူခြင်းမပြုကြရန်၊ ဝေးဝေးမှ ရှောင်ရှားသွားကြရန် သတိပေးထားသည်။

မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇူလိုင်လ ၂၆ရက် ညတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့အား မိုင်းဆွဲ တိုက်ခိုက်ရန် ပြင်ဆင်ချထားသည့်အထုပ်အား လမ်းသွားလာ ပြည်သူတစ်ဦးက ကောက်ယူသွားသည့်အတွက် မိုင်းကိုမခွဲဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားပါရှိသည်။

မြိတ်ပကဖ အနေဖြင့် သတိကြီးစွာထားပြီး Mission များကို လုပ်ဆောင်နေရပြီး ပစ္စည်းဆုံးရှုံးမှုလည်း အကြိမ်ကြိမ်ရှိခဲ့ပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကြိမ်ကြိမ် သတိပေးသည့်အပေါ် ပြည်သူများလိုက်နာမှု မရှိကြသည်ကို များစွာစိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ထားသည်။

အကယ်၍ လမ်းပေါ်က အထုပ်ကို ကောက်ယူ၍ ထိခိုက်မှု တစ်စုံတစ်ရာဖြစ်ပေါ်လာလျှင် မြိတ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) က တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်နေ့က မြိတ်မြို့၊ ရေပုန်းရပ်ကွက်၊ ဘုံပျံစာသင်ကျောင်းတွင် သန့်ရှင်းရေးလုပ်ရန်လာသည့် စစ်ကောင်စီယာဉ်အား မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က “နန်းထိုက်အောင်” စစ်ဆင်ရေးအမည်ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့သေးသည်။