ရဲစခန်းကခေါ်ခိုင်းသည်ဟုဆိုကာ ခေါ်သွားသည့် ပညစ်ရွာသားတစ်ဦးပျောက်ဆုံး

0
609

လောင်းလုံးမြို့နယ် ပညစ်ရွာတွင် ဇူလိုင်လ ၂၆ရက်နေ့က ရဲစခန်းက ခေါ်ခိုင်းသည်ဟုပြော၍ ခြိမ်းခြောက်ခေါ်ဆောင် ခြင်းခံရသည့် အမျိုးသားတစ်ဦး ပျောက်ဆုံးနေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

ပျောက်ဆုံးနေသူမှာ ကလိန်အောင် ဇာတိဖြစ်ပြီး ပညစ်ရွာတွင် အိမ်ထောင်ကျသည့် ဦးမင်းဇော်ဆိုသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

နံနက် ၁၀ နာရီခန့်တွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင်ရောက်ရှိလာပြီး စစ်ဆေးရန်ရှိသဖြင့် ရဲစခန်းက ခေါ်ခိုင်း သည်ဟု ပြောဆိုပြီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယင်းနေ့ ညနေပိုင်းတွင် လောင်းလုံး မြို့မရဲစခန်းသို့ မိသားစုဝင်များ သွားရောက်ရှာဖွေခဲ့သော်လည်း မတွေ့ ရှိခဲ့ကြောင်း မိသားစုဝင်များပြောကြားချက်ကို ဒေသခံတစ်ဦးက ပြန်လည်ပြောပြသည်။

“လူနှစ်ယောက်လာခေါ်တယ်။ ဘာလို့လိုက်ရမှာလဲလို့ပြောတော့ သေနတ်ထုတ်ပြတယ်လို့ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။

ဦးမင်းဇော်ဆိုသူမှာ ယခင်က ပင်လယ်ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး ယခု ဥယျာဉ်ခြံလယ်ယာလုပ်ငန်း လုပ်ကိုင် နေသူဖြစ်ကြာင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

အဆိုပါအမျိုးသားကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခဲ့သည်ကိုမူ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ဇူလိုင်လ ၂၄ ရက်နေ့ကလည်း လောင်းလုံးပညစ်လမ်းပိုင်တွင် စစ်ကောင်စီစစ်ကြောင်းနှင့်တွေ့သည့် ပညစ်ရွာ ကျောင်းထိုင်ဆရာတော်နှင့် ရွာသားခြောက်ဦး ဖမ်းဆီးခံခဲ့ရာ ဆရာတော်နှင့် ဒေသခံငါးဦးသာ ပြန်လွတ်လာပြီး ဦးမဲမဲဆိုသူမှာ ဆက်လက်ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။