ပြည်သူ့ကာကွယ်ရေးတပ်များကို ထောက်ပံ့၍ဟုဆိုကာ လောင်းလုံးဒေသခံ ၂ ဦးပစ်သတ်ခံရ

0
274

လောင်းလုံးမြို့နယ် မောင်းမကန်ရွာနှင့် သဘော့ဆိပ်ကျေးရွာတွင် ယနေ့ (ဇူလိုင် ၂၅) အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ဇူလိုင် ၂၄ရက်ည ၁၂နာရီခွဲ (ယနေ့ နံနက်ပိုင်း) တွင် သဘော့ဆိပ်ရွာ အောင်ချမ်းသာရပ်ကွက်သို့ အိမ်စီးကား အဖြူရောင်ဖြင့် လက်နက်ကိုင်လူတစ်စု ရောက်ရှိလာပြီး အသက် ၅၂နှစ်အရွယ်ရှိ ဒေါ်စန်းပွာ (ခေါ်) ဒေါ်ပွာဆိုသူကို ပစ်သတ်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

နေအိမ်တံခါးကို ကန်ဖွင့်ကာ အမျိုးသားဖြစ်သူကို ချုပ်နှောင်ကန်ကျောက်ပြီး ဇနီးဖြစ်သူ၏ အိပ်ခန်းထဲသို့ ဝင်ရောက် ပစ်သတ်သွားကြောင်း ၎င်းက ဆိုသည်။

PDF ကို ထောက်ပံ့သည်ဟုစွပ်စွဲကာ ပစ်ခတ်သွားခြင်းဖြစ်ပြီး အဆိုပါအမျိုးသမီး၏ ဦးခေါင်းတွင် ကျည်ထိမှန်ကာ သေဆုံးသွားကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။

အဆိုပါအမျိုးသမီးက PDF များကို ထောက်ပံ့ခြင်း မရှိဟု ငြင်းဆိုသော်လည်း ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ဒေသခံအချို့က ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားချိန် နေအိမ်တွင် ဇနီးမောင်နှံနှစ်ဦးသာရှိနေပြီး သားသမီးအများစုမှာ ငါးဖမ်းလုပ်ငန်းနှင့် ပြည်ပတွင် သွားရောက်လုပ်ကိုင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းနောက် နာရီဝက်အကြာ ယနေ့ နံနက် ၁နာရီ ဝန်းကျင်တွင် မောင်းမကန်ရွာ ဈေးလမ်းတွင်နေထိုင်သည့် အသက် ၅၀ ဝန်းကျင်အရွယ် ဦးဇော်ဝင်းဆိုသူကိုလည်း နေအိမ်တွင် ပစ်သတ်သွားကြောင်း ယင်းရွာက ဒေသခံတစ်ဦးက ပြောသည်။

သဘော့ဆိပ်နှင့် မောင်းမကန်ရွာတို့မှာ ဆိုင်ကယ်ဖြင့်သွားလျှင် ၁၀ မိနစ်ဝန်းကျင် ကြာသည့် အကွာအဝေးတွင် ရှိသည်။

မောင်းမကန်ရွာတွင်လည်း အိမ်စီးကားအဖြူရောင်ဖြင့် လက်နက်ကိုင်လူတစ်စု ရောက်ရှိလာက ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“နေအိမ်ပေါ်တက်ပြီး မိသားစုဝင်တွေအားလုံးကို မှောက်ခိုင်းထားတယ်။ PDF ကို ထောက်ပံ့တယ်လို့ ပြောပြီး ဦးဇော်ဝင်းကို နေအိမ် အောက်ကိုခေါ်ချပြီး ဦးခေါင်းကို နှစ်ချက်ပစ်သတ်ခဲ့သွားတယ်လို့ သိရတယ်” ဟု ၎င်းဒေသခံက ပြောသည်။

ယင်းနောက် ဦးဇော်ဝင်း၏မိသာစုထံမှ လက်စွပ်တစ်ကွင်း၊ တယ်လီဖုန်းနှစ်လုံးနှင့် ငွေသားတစ်သိန်းကျော်ကို သေနတ်သမားများက ယူဆောင်သွားသည်ဟုကြားသိရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ငွေကြေးချမ်းသာသူဖြစ်ပြီး ယင်းရပ်ရွာတွင် ဩဇာကြီးသူတစ်ဦးဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် သုံးလခန့်က ရဲတပ်ဖွဲ့ဝင်တစ်ဦးက ငွေကြေးတောင်းမှုနှင့်ပတ်သက်၍ စကားအချေအတင် များခဲ့သည်ဟု ကာယကံရှင်က ထုတ်ဖော်ပြောဆိုဖူးကြောင်းလည်း ၎င်းက ဆိုသည်။

အထက်ပါဒေသခံနှစ်ဦးကို ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ်အခြေစိုက် PDF အဖွဲ့ဖြစ်သည့် LLPDF (ပကဖ-လောင်းလုံး) ထုတ်ပြန်ထားသည်။

ဒေါ်စန်းပွာ၏ ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းက ထားဝယ်သို့ သယ်ဆောင်သွားပြီး ဦးဇော်ဝင်း၏ ရုပ်အလောင်း ကိုမူ ယနေ့ နေ့လယ်ပိုင်းအထိ နေအိမ်၌ ပြင်ဆင်ထားတာတွေ့ရသည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။

၎င်းတို့နှစ်ဦးကို မည်သည့်အဖွဲ့တို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။