ပဝတ်ကုန်းရွာတွင် သက်ကြီးရွယ်အိုအချို့အပါအဝင် ဒေသခံတစ်ဆယ်ဝန်းကျင် အဖမ်းခံထားရ

0
209

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာတွင် သက်ကြီးရွယ်အိုအချို့အပါအဝင် ရွာသားဆယ်ဦးဝန်းကျင် ဖမ်းဆီးစစ်ဆေးခံနေရပြီး သုံးရက်ကြာသည်အထိ ပြန်မလွတ်သေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ဇူလိုင်လ ၂၂ ရက်တွင် ပဝတ်ကုန်းကျေးရွာသားအချို့ကို ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် စစ်ဆေးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ဖမ်းထားတာက လူတစ်ဆယ်ဝန်းကျင်ရှိတယ်။ သက်ကြီးရွယ်အိုတွေလည်း ပါနေတယ်” ဟု ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

ဖမ်းဆီးထားရသည့်အထဲတွင် အသက် ၉၀ ဝန်းကျင် ဦးဘလား၊ ဒေါ်ခင်ဝင်း၊ ဒေါ်ထွန်းမေ စသည့် အသက်ကြီး ရွယ်အိုများ ပါဝင်ပြီး လက်ရှိအချိန်အထိ ပြန်မလွတ်သေးကြောင်း ဒေသခံများထံ ယနေ့ (ဇူလိုင် ၂၅) နံနက်ပိုင်းက မေးမြန်းချက်အရ သိရသည်။  

ပဝတ်ကုန်းကျေးရွာတွင် ဇူလိုင်လ ၁၃ ရက်နေ့က နှစ်ဖက်တိုက်ပွဲများဖြစ်ခဲ့ပြီး ရွာသားအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးသွားသော်လည်း မပြေးလွှားနိုင်သည့် သက်ကြီးရွယ်အိုအချို့မှာ နေအိမ်တွင် ကျန်ရစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အကျိုးအကြောင်း ပြောပြပြီး ပြန်သွားထုတ်ဖို့တော့ လုပ်နေကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဖမ်းခံရသူများတွင် ဥယျာဉ်ခြံမြေလုပ်ကိုင်သူ အချို့လည်း ပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်က ရွာသားအချို့အား မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးစစ်ဆေးနေသည်ကိုမူ Dawei Watch အနေဖြင့် မသိရသေးပေ။

ဇူလိုင်လ ၂၀ ရက်ကမူ ပဝတ်ကုန်းလမ်းဆုံ နှစ်နေရာတွင် စစ်ကောင်စီတပ် စစ်ဆေးမှုများ ပြုလုပ်နေစဉ် ကရင်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (KPDF-Palaw) က ဒရုန်းဖြင့် ဗုံးသီးနှစ်လုံးချကာ တိုက်ခိုက်ခဲ့သည်။

ဇူလိုင်လ ၁၉ ရက်နေ့ကလည်း ပဝတ်ကုန်းကျေးရွာတွင် စစ်ကောင်စီတပ်ကာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။

ဇူလိုင်လ ၂၂ ရက် နံနက်တွင်လည်း ပဝတ်ကုန်းကျေးရွာဘက်က ပစ်ခတ်သံများကြားရကြောင်း ဒေသခံတို့ထံမှ သိရသည်။