ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့ကို သေဒဏ်စီရင်ပြီးကြောင်း မိသားစုကို ထောင်အာဏာပိုင်များ အတည်ပြု

0
317

ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို သေဒဏ်စီရင်ပြီးဖြစ်ကြောင်း ရန်ကုန် အင်းစိန် ထောင်အာဏာပိုင်များက မိသားစုဝင်များကို အတည်ပြုလိုက်သည်ဟု Myanmar Now သတင်းဌာနနှင့် BBC သတင်းဌာနတို့က ရေးသားဖော်ပြလိုက်သည်။

သေဒဏ်ပေးပြီးဖြစ်သော ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦး၏ ရုပ်အလောင်းများကို ထုတ်မပေးနိုင်ကြောင်း ထောင်အာဏာပိုင်က မိသားစုဝင်များကို ယနေ့မနက်တွင် ပြောကြားလိုက်သည်ဟု Myanmar Now သတင်းကဆိုသည်။ 

စစ်ကောင်စီ၏ စစ်ခုံရုံးက သေဒဏ်ချမှတ်ထားသော ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးစီးကြောင်း ယနေ့ထုတ် စစ်ကောင်စီ၏ သတင်းစာများဖြစ်သည့် မြန်မာ့အလင်း၊ကြေးမုံသတင်းစာနှင့် New Light of Myanmar တို့တွင် ယနေ့ထုတ်ပြန် ဖော်ပြထားသည်။

အကြမ်းဖက်မှု ဥပဒေပုဒ်မများဖြစ်သည့် ၄၉(က)၊ ၅၀(စျ)၊ ၅၀(ည)ပုဒ်မများနှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ကို စစ်ခုံရုံးတင် စစ်ဆေးပြီးနောက် ဇန်နဝါရီလ ၂၁ ရက်က သေဒဏ်အမိန့်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကျန်နှစ်ဦးမှာ ကိုလှမျိုးအောင် နှင့် ကိုအောင်သူရဇော်တို့ဖြစ်ပြီး ၎င်းတို့ နှစ်ဦးသည် ပြီးခဲ့သည့်နှစ် မတ်လအတွင်းက လှိုင်သာယာမြို့နယ်၌ စစ်ကောင်စီ သတင်းပေးဟု နာမည်ကျော်သည့် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်သည်ဆိုကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အသက် ၅၂ နှစ်အရွယ် ဦးဂျင်မီနှင့် အသက် ၄၁ နှစ်အရွယ် ဦးဖြိုးဇေယျာသော်၏ မိသားစုဝင်များအား လွန်ခဲ့သည့် ရက်ပိုင်းက အင်းစိန်ထောင်သို့ခေါ်၍ လူချင်းပေးမတွေ့ဘဲ ကွန်ပျူတာဖန်သားပြင်မှတစ်ဆင့် Zoom ဖြင့်သာပေးတွေ့ခဲပြီးနောက် ၎င်းတို့ကို အင်းစိန်ထောင်တွင်ပင် ကွပ်မျက်ခဲ့ကြောင်း Myanmar Now သတင်းဌာနက ဖော်ပြသည်။

ဇူလိုင် ၂၂ ရက် က မိသားစုနှင့်တွေ့ဆုံမှုပေးပြီးနောက် ဘီဘီစီကမေးမြန်းရာတွင် စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နောက်ဆုံးပေးတွေ့ခြင်း မဟုတ်ကြောင်းငြင်းဆိုပြီး နောက်ထပ်တွေ့ဆုံခွင့်ပေးဖို့ရှိကြောင်း ပြောကြားခဲ့သော်လည်း ယခု ၂ အကြာတွင် စီရင်လိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာကြောင်း BBC သတင်းဌာနကလည်း ထုတ်ဖော်ရေးသားထားသည်။

မြန်မာနိုင်ငံတွင် သေဒဏ်အမိန့်ချမှတ်ထားသော်လည်း အမှတ်တကယ် ကြိုးပေးကွပ်မျက်ခြင်း မရှိသည်မှာ နှစ်ပေါင်း ၄၀ ကျော်ရှိပြီဖြစ်သည်။