ပုလော ပဝတ်ကုန်းရွာအနီးတွင် စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရ

0
543

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကား မိုင်းဆွဲတိုက်ခိုက် ခံရပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၁၉ ရက်နေ့ နံနက်က မင်းထိန်ရွာမှ ပဝတ်ကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာပြီး ရွာထိပ်အရောက်တွင် မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“မိုးတောင် မလင်းသေးဘူး။ မိုင်းနှစ်လုံးပေါက်တဲ့အသံ ကြားရတယ်။ ပြီးတော့ လက်နက်ငယ်အသံတွေ လက်နက်ကြီး ပစ်သံတွေလည်း မနားတမ်းပဲ ကြားရတယ်” ဟု မင်းထိန်ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ရွာအဝင် ဆိုင်းဘုတ်အနီးတွင် မိုင်းဆွဲခံရပြီး တစ်နာရီကျော်အကြာမှ ထိခိုက်ဒဏ်ရာရရှိသူများအား လာရောက် သယ်ယူသွားကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“ကားပေါ်သယ်တင်နေတာ တစ်ဆယ်ကျော်လောက် ရှိတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သား ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ် မဟာမိတ်တပ်ပေါင်းစုဖက်က ယနေ့ (ဇူလိုင် ၂၀) ညနေအထိ ထုတ်ပြန်ထားခြင်း မရှိသေးသလို Dawei Watch အနေဖြင့်လည်း သီးခြားအတည် မပြုနိုင်သေးပါ။

ယနေ့ နံနက်တွင်မူ ပဝတ်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းအနီး စစ်ကောင်စီတပ် အများအပြား ရောက်ရှိနေပြီး လမ်းသွားလမ်းလာ ဆိုင်ကယ်၊ ကားများအား ရှာဖွေကာ ဖမ်းဆီးမှုများလည်း ပြုလုပ်နေကြကြောင်း ဒေသခံများက ပြောသည်။

“ရွာကကောင်လေးနှစ်ယောက် ဆိုင်ကယ်တစ်စီးတည်းစီးလို့ ဖမ်းထားတာ ဘုန်းကြီးကပြန်သွား ထုတ်လာရတယ် ဒီကနေ့” ဟု မင်းထိန်ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ပဝတ်ကုန်းကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များက ဇူလိုင်လ ၁၈နှင့် ၁၉ တို့တွင် စစ်ဆေးရေးဂိတ်ဖွင့်လှစ်ကာ စစ်ဆေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။