နဘုလယ်ဒေသ ထွက်ဝရွာတွင် အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

0
410

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ ထွက်ဝရွာတွင် ယနေ့ (ဇူလိုင် ၂၀) နေ့လယ်ပိုင်းက အမျိုးသားနှစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

ပစ်သတ်ခံရသူနှစ်ဦးမှာ အသက် ခြောက်ဆယ်ဝန်းကျင်အရွယ်ရှိ ဦးစံအေးနှင့် ဦးအေးသားဆိုသူတို့ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က သေနတ်ကိုင်ဆောင်သူ ငါးဦးထက်မနည်း ရောက်ရှိလာပြီး ဦးစံအေးကို နေအိမ်တွင် ပစ်သတ်ခဲ့ပြီးနောက် ဦးအေးသားဆိုသူအား တစ်လမ်းကျော် အခြားအိမ်တွင် ပစ်သတ်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဦးစံအေးမှာက ဦးခေါင်း လည်ပင်း ရင်ညွန့် သုံးချက်ထိတယ်။ ဦးအေးသားမှာက ဦးခေါင်းမှာ နှစ်ချက်၊ လက်မှာ တစ်ချက် ‌ထိတယ်” ဟု ‌၎င်းက ပြောဆိုသည်။

ဦးစံအေးဆိုသူမှာ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့များကို စိန်ခေါ်လေ့ရှိသူဖြစ်ပြီး ဦးအေးဆိုသူမှာလည်း ပျူစောထီး သင်တန်းတက်ရောက်ခဲ့ဖူးသည့် ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

သို့သော် အထက်ပါပြောဆိုချက်နှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

အဆိုပါအမျိုးသားနှစ်ဦးကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခဲ့သည်လည်း မသိရသေးပေ။

ယနေ့ ညနေ ခြောက်နာရီခွဲအထိ အလောင်းများကို မသင်္ဂြိုဟ်ရသေးကြောင်း ဒေသခံများက ပြောသည်။