ပါချန်မြစ်ဘေးတွင် ဒီရေတောအပင် ၁၂၀၀ ခန့်စိုက်မည်

0
760
ဓာတ်ပုံ - Shwefun FB

ကော့သောင်းမြို့နယ် ထိုင်း-မြန်မာနယ်ခြား ပါချန်မြစ်ဘေးရှိ ရေလယ်ကျွန်းတွင် ဒီရေတောအပင် ၁၂၀၀ ခန့် စိုက်ပျိုးမည်ဖြစ်ကြောင်း ပါချန်မြစ်ထိန်းသိမ်းစောင့်ကြည့်ရေးနှင့် မြစ်ဝှမ်းဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ထံမှ သိရသည်။

ဒီရေတော အပင် ၁၂၀၀ ခန့်ကို ဇူလိုင်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့တွင် စိုက်ပျိုးမည်ဖြစ်ကြောင်း အထက်ပါအဖွဲ့မှ အတွင်းရေးမှူး ရွှေဖန် (ခေါ်) ကိုဇော်မျိုးဦးက ပြောသည်။

ထိုင်းဘက်ခြမ်းမှ ပါချန်မြစ်ဘေး (ဝဲကြီးရွာအရှေ့ဘက်) ဒီရေတောကို National Park အဖြစ်သတ်မှတ်ကာ ထိန်းသိမ်း ထားသဖြင့် မြန်မာဘက်ရှိ ပါချန်မြစ်ဘေးမှ ဒီရေတောကိုလည်း အပင်မျိုးစုံစိုက်ပျိုးကာ National Park လို ဖြစ်စေရန် ရည်ရွယ်စိုက်ပျိုးခြင်းဖြစ်ကြောင်း ကိုရွှေဖန်က ပြောဆိုသည်။

“National Park မျိုးဖြစ်အောင်လုပ်မယ်ပေါ့။ အပင်မျိုးစိတ်တွေစုံအောင် စိုက်ပေးမယ်” ဟု ၎င်းက ဆိုသည်။

ဒီရေတောအပင် စိုက်ပျိုးခြင်းကို ၂၀၁၉ ခုနှစ်ခန့်မှ စတင်စိုက်ပျိုးခဲ့ရာ ပြီးခဲ့သည့်နှစ်က ဒီရေတောအပင် ၁၅၀၀ ခန့် စိုက်ပျိုးနိုင်ခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

နှစ်စဉ် ဒီရေတောအပင် ၁၀၀၀ ကို ပုံမှန်စိုက်ပျိုးနေကြောင်း ကိုရွှေဖန်က ဆက်လက်ပြောဆိုသည်။

ဇီဝမျိုးစုံမျိုးကွဲတို့မှာလည်း ဒီရေတောအပင်များကို အမှီပြုကာ ပေါက်ဖွားရှင်သန်ကြရခြင်းဖြစ်သလို လူသားတို့မှာလည်း ဒီရေတောအပင်များကို အမှီပြုကာ အသက်မွေးဝမ်းကျောင်းပြုလုပ်ငန်းများ လုပ်ကိုင်ကြရသည်။

ဒီရေတောအပင်များသည် သက်ရှိများ၏ ဂေဟစနစ်ကို အကျိုးပြုရုံသာမက သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ကျရောက်မှုတို့ကိုလည်း ကာကွယ်ပေးသည်။

တိုင်းအစိုးရက ဒီရေတောအပင်များ ပြုန်းတီးသွားသည့်နေရာများတွင် ဒီရေတောအပင်များ ပြန်လည်စိုက်ပျိုးနေခြင်း ရှိသလို ဒီရေတောအပင်များရှိသည့် နေရာများကိုလည်း စီမံကိန်းလုပ်ငန်းများ လုပ်ကိုင်ရန် ကုမ္ပဏီများကို လုပ်ကိုင်ခွင့် ပြုခြင်း၊ အပြောင်ခုတ်ထွင်ရှင်းလင်းခွင့်ပြုခြင်းတို့လည်း ခွင့်ပြုခဲ့ခြင်းများရှိသည်။

မြေဧက ၂၀၀၀ ကျော်ပေါ်တွင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ငါးလေလံဈေးကြီးစီမံကိန်းပြုလုပ်ရန်အတွက် မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု ကွမ်းသီးချောင်းကျေးရွာရှိ ဒီရေတောနှင့် ဓနိတောအပင်များကို မြိတ်အများပိုင်ကော်ပိုရေးရှင်းကုမ္ပဏီက အပြောင်ခုတ်ထွင် ရှင်းလင်းခဲ့သည်။

ယင်းအပြင် ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်းကျေးရွာအုပ်စုအတွင်းရှိ ဒီရေတော ၆၀၆ ဧကတွင် Golden Panda ကုမ္ပဏီက ရေငန်ပုစွန်မွေးမြူရန် လျှောက်ထားခြင်းကို ဒေသခံရွာသား ၄၂ ဦးက ယခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့က တိုင်းအစိုးရထံ ကန့်ကွက်စာပေးပို့ခဲ့ကြသည်။

အလားတူ စူငယ်ဘာလိုင်းကျေးရွာအုပ်စုနှင့် တဆက်တည်းရှိသည့် အော်ကြီးကျေးရွာရှိ ဒီရေတော ၈၀၄ ဧကကို Than Phyo Thu ကုမ္ပဏီက လုပ်ပိုင်ခွင့်ရရန်လျှောက်ထားခဲ့ပြီး Grand Andaman ကုမ္ပဏီက ၁၄၀ ဧကကို လျှောက်ထားခဲ့သည်ဟု သိရသည်။