ထားဝယ်ခရိုင်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၇၀ ကျော်ရှိပြီး တစ်ဦးသေဆုံး

0
1287

ထားဝယ်ခရိုင်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၇၂ ဦးရှိပြီး တစ်ဦးသေဆုံးသွားကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ယင်းစာရင်းသည် ၂၀၂၂ ခုနှစ် နှစ်စမှ ဇူလိုင်လ ၁၃ ရက်နေ့အထိ ကျန်းမာရေးဌာနတစ်ခုတည်း၏ စာရင်းဖြစ်ပြီး ပုဂ္ဂလိကဆေးရုံ ဆေးခန်းများတွင်လည်း ကုသူများရှိရာ မြေပြင်တွင် ယင်းပမာဏထက် ပိုများနိုင်ပါသည်။

ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရမူ ထားဝယ်မြို့နယ်တွင် ၂၅ ဦး၊ သရက်ချောင်းမြို့နယ်တွင် ၂၈ ဦး၊ လောင်းလုံးမြို့နယ်တွင် ၆ ဦး၊ ရေဖြူမြို့နယ်တွင် ၁၃ ဦး စုစုပေါင်း ၇၂ ဦး ရှိသည်။

ယင်း ၇၂ ဦးအနက် ရေဖြူမြို့နယ် ကံပေါက်ဆေးရုံတွင် တစ်ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ‌ပြောသည်။

“ဟိုးအရင့်အရင် နှစ်တွေနဲ့စာရင်တော့လည်း ဒီဂဏန်းက များတယ်လို့တော့ ပြောလို့မရဘူး။ အဲဒီတုန်းကဆိုရင် ဒီအချိန်ထက်ဖြစ်ပွားမှု ပိုများတာကိုး” ဟု ၎င်းကဆိုသည်။

မနှစ်ကမူ ကိုဗစ်ရောဂါ အကြီးအကျယ်ဖြစ်ပွားနေချိန်ဖြစ်သောကြောင့် သွေးလွန်တုပ်ကွေးဖြစ်ပွားမူမှာ ကိန်းဂဏန်းအရ ယခုနှစ်ထက် ပိုနည်းကြောင်း ၎င်းက ပြောဆိုသည်။

တနင်္သာရီတိုင်း တစ်ခုလုံးရှိ ယခုနှစ်သွေးလွန်တုပ်ကွေးဖြစ်ပွားမူ အခြေအနေကို သိရှိနိုင်ရန် တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာန သွေးလွန်တုပ်ကွေးကာကွယ်ဆီးရေးဌာန တာဝန်ရှိသူအား ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း အကြောင်း ပြန်ကြားခြင်း မရှိသောကြောင့် ဖော်ပြနိုင်ခြင်းမရှိပေ။

ထားဝယ်မြို့ရှိ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းအချို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံပေးလျှက်ရှိရာ ကလေးတစ်ဦးလျှင် သုံးသောင်းကျပ်ပေးရကြောင်း ကားကွယ်ဆေးထိုးဖူးသည့် ကလေးမိခင်တစ်ဦးက ဆိုသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့တို့က သွေးလွန်တုပ်ကွေးကာကွယ်တားဆီးရေး အသိပညာပေး လုပ်ငန်းများ၊ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်နေသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေး ဝန်ထမ်းများ CDM ဝင်ထားကြသဖြင့် အာဏာမသိမ်းခင်ကကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း ၎င်းတို့ထံမှ သိရသည်။