ရနောင်းလွှတ်တော်အမတ်လက်ထောက်၏ဖခင် အသတ်ခံရမှုတွင် ဝရမ်းထုတ်ခံရသည့် မြန်မာနှစ်ဦးအဖမ်းခံရ

0
612

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့က လွှတ်တော်အမတ်လက်ထောက်ဖြစ်သူ၏ ဖခင် သတ်ဖြတ်အလောင်းဖျောက်ခံရ မှုတွင် ဝရမ်းထုတ်ခံထားရသည့် ခြံအလုပ်သမား မြန်မာနှစ်ဦးဖမ်းမိပြီဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဇူလိုင်လ ၁၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

လွှတ်တော်အမတ် လက်ထောက်ဖြစ်သူ၏ ဖခင် Mr. Thanu Jaidee ကို ရနောင်းခရိုင် ကရာဘူရီဒေသရှိ ပတ်ကျန်အုပ်စု ဘန့်ဟတ်တွန်ရွာရှိ ၎င်းပိုင်သည့် ရော်ဘာခြံထဲတွင် သတ်ဖြတ်အလောင်းဖျောက်ခံထားရသည်ကို ဇူလိုင်လ ၁ဝရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းသို့တွေ့ရှိပြီးနောက် ယင်းခြံနှင့် ခြံအနီးဝန်းကျင်တွင် လုပ်ကိုင်သည့် မြန်မာအလုပ်သမား ၁၅ဦးကို ဖမ်းဆီး စစ်ဆေးခဲ့ကာ အမှုတွင် သံသယဖြစ်သူ ခြံအလုပ်သမား မြန်မာနှစ်ဦးကို ဖမ်းဆီးရန်ရှာဖွေနေကြောင်း ထိုင်းရဲတပ်ဖွဲ့က အလောင်းတွေ့ပြီးနောက် မီဒီယာများသို့ ပြောဆိုခဲ့သည်။

၎င်းတို့မှာ အသက် ၃၆နှစ်အရွယ် မောင်ခင်မောင်ဇော်နှင့် ၂၃နှစ်အရွယ် မောင်ဇော်မျိုးတို့ဖြစ်ကြပြီး ၎င်းတို့သည် အဆိုပါရော်ဘာခြံတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှု၊ ပြန်ပေးဆွဲငွေ ဘတ် ၈သန်း လိမ်လည်တောင်းခံမှုများဖြင့် ဝရမ်းထုတ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနှစ်ဦးကို ဖမ်းမိသည့် နေ့ရက်၊ မည်ကဲ့သို့ဖမ်းမိသည်ဆိုသည့်အကြောင်းအရင်းတို့ကို သေသေချာချာ ဖော်ပြထားခြင်း မတွေ့ရပေ။

၎င်းတို့နှစ်ဦးသည် ဇူလိုင်လ ၈ ရက်နေ့တွင် ခြံအတွင်းသို့ လာရောက်သည့် Mr. Thanu Jaidee နှင့် စကား အချေအတင်များခဲ့ပြီး သေဆုံးသူမှာ အော်ဟစ်ကာ ဆဲဆိုကြိမ်းမောင်းခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့များမှ စစ်ဆေးချက် အရ သိရသည်။

အော်ဟစ်ကြိမ်းမောင်းပြီးနောက် သေဆုံးသူက အိမ်ပေါ်သို့တက်မည်လုပ်သောအခါ မောင်ခင်မောင်ဇော်က တုတ်ဖြင့် ခေါင်းကို ရိုက်သတ်မိခဲ့ခြင်းဖြစ်သည်ဟု မြန်မာအလုပ်သမားများက ထွက်ဆိုကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

သို့သော်လည်း မည့်သည့်ကိစ္စကြောင့် စကားများခဲ့သည်ကို ထိုင်းသတင်းဌာနများတွင် ဖော်ပြထားခဲ့ခြင်းမရှိဘဲ ပုဂ္ဂိုလ်ရေးပြဿနာရှိသည်ဟုသာ ရေးသားထားခဲ့ကြသည်။

မောင်ခင်မောင်ဇော်က သေဆုံးသူသည် အိမ်ပေါ်တွင် သေနတ်သွားယူပြီး ၎င်းတို့ကို ပစ်မည်စိုးသဖြင့် ရိုက်သတ် လိုက်မိခြင်းဖြစ်ပြီး ယင်းနောက် အနီးရှိ ရေတွင်းဟောင်းထဲသို့ ခြေ၊ လက်တို့ကို အဝတ်ဖြင့် ချည်ကာ ပစ်ချ၍ ထွက်ပြေးခဲ့ကြောင်း ထွက်ဆိုသည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ထို့နောက် သေဆုံးသူကို ပြန်ပေးဆွဲထားသည်ဟု လိမ်လည်ကာ ဇူလိုင်လ ၉ ရက်တွင် မိသားစုထံမှ ဖုန်းဖြင့် မက်ဆေ့ပို့ကာ ဘတ် ၈ သန်း တောင်းခံခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

Mr. Thanu Jaidee ၏ သေနတ်ပျေက်ဆုံးနေခြင်း၊ နံရံတွင် သွေးစများ တွေ့ခြင်းကြောင့် ရော်ဘာခြံထဲက နေအိမ်ဝန်းကျင်ကို စစ်ဆေးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောဆိုချက်ကို ထိုင်းသတင်းများတွင် ဖော်ပြချက်အရ သိရသည်။

ယင်းနောက် ဦးနှောက်၊ မျက်နှာနှင့် နားများတွင် ဒဏ်ရာရလျက် ရေတွင်းဟောင်းထဲတွင် သေဆုံးနေသော Mr. Thanu Jaidee ၏ အလောင်းကို ဇူလိုင်လ ၁၀ ရက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ၏ အိမ်ထဲမှ ဘတ် ၂၀၀၀ နှင့် ဖုန်းတစ်လုံး ပျောက်ဆုံးသွားနေသည်ကို တွေ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အလောင်းပေါ်ရှိ DNA များနှင့် တိုက်ဆိုင်စစ်ဆေးရာတွင် မြန်မာနှစ်ဦးကို သံသယရှိနေသဖြင့် ထိုင်းရဲတပ်ဖွဲ့က ရနောင်းတရားရုံးတွင် ဝရမ်းထုတ် ဖမ်းဆီးစစ်ဆေးခဲ့ရာမှာ မြန်မာနှစ်ဦးက ဝန်ခံခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ ပြောဆိုချက်ကိုကိုးကားကာ ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

မြန်မာအလုပ်သမားနှစ်ဦးကို အတူတကွ ပူးပေါင်းကြံစည်သတ်ဖြတ်မှု၊ အလောင်းနေရာရွေ့မှု၊ ဖောက်ဖျက်မှု/ အလောင်းကို လူမမြင်စေရန် ဖုံးကွယ်ထားမှုများဖြင့် တရားစွဲဆိုထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့ သည်။

အလောင်းတွေ့သည့်နေ့တွင် ဖမ်းဆီးစစ်ဆေးခံခဲ့ရသည့် မြန်မာအလုပ်သမား ၁၅ ဦး အခြေအနေကို သတင်းများတွင် ဖော်ပြထားခြင်း မတွေ့ရပေ။

Ref: Thai PBS News, Thairath