မော်လမြိုင်မြို့နယ် NLD ပါတီဥက္ကဋ္ဌအမှုမှ ကွင်းလုံးကျွတ်လွတ်မြောက်

0
359

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်အောင်မှာ စွဲဆိုခံထားရသည့်အမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်လာကြောင်း NLD ပါတီအသိုင်းအဝိုင်းတို့ထံမှ သိရသည်။

ဒေါ်နွယ်နွယ်အောင်ကို အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းခြင်း၊ ငွေကြေးထောက်ပံ့ခြင်းတို့ ပြုသည်ဆိုကာ အောက်တိုဘာ ၂၇ ရက်နေ့ညက မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်ရှိ နေအိမ်တွင်ရှိနေစဉ် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ဖြင့် အမှုဖွင့်တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။

ဒေါ်နွယ်နွယ်အောင်အပေါ် စွဲဆိုထားသည့်အမှုနှင့် ပတ်သက်ပြီး သက်သေအထောက်အထား တစ်စုံတစ်ရာမပါရှိသည့်အတွက် မော်လမြိုင်မြို့နယ် တရားရုံးက ဇူလိုင်လ ၁၁ ရက်နေ့တွင် အပြစ်မရှိကြောင်း အမိန့်ချမှတ်လိုက်သည်ဟု NLD ပါတီနှင့် နီးစပ်သူအချို့တို့က ပြောသည်။

“ဒေါ်နွယ်နွယ်အောင်ကို စွဲဆိုထားတဲ့အမှုက သက်သေအထောက်အထား မပါလို့ဆိုပြီး မော်လမြိုင်မြို့နယ် တရားရုံးကနေ အပြစ်မရှိကြောင်း အမိန့်ချလိုက်တယ်” ဟု NLD ပါဝင်တစ်ဦးက ပြောသည်။

ယင်းသို့ အပြစ်မရှိကြောင်း တရားရုံးက ဆုံးဖြတ်လိုက်မှုကြောင့် ဇူလိုင်လ ၁၂ ရက်နေ့တွင် ပြန်လည်လွတ်‌မြောက်လာပြီဖြစ်ကြောင်း NLD ပါတီအသိုင်းအဝိုင်းထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်နွယ်နွယ်အောင်အပါအဝင် မွန်ပြည်နယ်အတွင်းက NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် ပါတီဝင်အချို့ ဖမ်းဆီးခံခဲ့ရသည်။

တချို့ကလည်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့် ပတ်သက်မှု မရှိကြောင်း စစ်ကောင်စီထံ ခံဝန်လက်မှတ်ရေးထိုးပြီး နေအိမ်တွင် နေထိုင်နေကြသည်လည်း ရှိသည်။

သို့သော်လွှတ်တော်ကိုယ်စားလှယ်အများစုမှာ ထွက်ပြေးတိမ်းရှောင် နေကြရဆဲဖြစ်သည်။

မော်လမြိုင်မြို့နယ် NLD ပါတီဥက္ကဌလည်းဖြစ်သည့် ဒေါ်နွယ်နွယ်အောင်သည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိထားသည့် ကိုယ်စားလှယ် တစ်ဦးဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတုန်းတွင်လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူဖြစ်သည်။