ထိုင်းစီးပွားရေး နလန်ပြန်ထူဖို့ အလုပ်သမား ငါးသိန်းကျော်လို

0
410
ဓာတ်ပုံ - VOA

ကိုဗစ်ကာလနှောင်းပိုင်းတွင် ကျဆင်းသွားသော ထိုင်းနိုင်ငံ၏ စီးပွားရေးကို နလန်ပြန်လည်ထူနိုင်စေရန်အတွက် ရွှေ့ပြောင်းအလုပ်သမား ငါးသိန်းကျော် လိုအပ်ကြောင်း ထိုင်းကုန်သည်ကြီးများအသင်းက ဇူလိုင် ၁၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ပြည်ပသို့ တင်ပို့နေသည့် စိုက်ပျိုးရေးထုတ်ကုန်များ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ခရီးသွားနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ကဲ့သို့သော ထိုင်းနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းများတွင် အလုပ်သမား လိုအပ်ချက်မြင့်မားနေကြောင်း ကုန်သည်ကြီးများအသင်း၏ ဒုတိယဥက္ကဌ Mr. Poj Aramwattananont က ပြောသည်။

“အခုအချိန် စီးပွားရေးလုပ်ငန်းတွေ မြှင့်တင်ဖို့အတွက်ဆိုရင် အလုပ်သမားကိစ္စက အဓိကစဉ်းစားရမယ့် အချက်ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

အလုပ်သမားလိုအပ်ချက်ဖြစ်သော အလုပ်သမား ငါးသိန်းကျော်ကို ခန့်ထားနိုင်ခဲ့ပါက ထိုင်းနိုင်ငံတွင် ယခုနှစ်ကုန်ပိုင်း ၌ ရွှေ့ပြောင်းအလုပ်သမား သုံးသန်းနီးပါးအထိ ရှိလာမည်ဟု Mr. Pairoj Chotikasathien က ဆိုသည်။

ထိုင်းနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကို ရှေ့ဆက်မြှင့်တင်ဆောင်ရွက်ရန်အတွက် ရွှေ့ပြောင်းအလုပ်သမား အနည်းဆုံး ၃ သန်းမှ ၄ သန်းအထိ လိုအပ်လာနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

သို့သော်လည်း မြန်မာနိုင်ငံကဲ့သို့ နိုင်ငံရေးတည်ငြိမ်မှုမရှိသော နိုင်ငံများမှ အလုပ်သမားများကို တရားဝင် အလုပ်ခေါ်ယူနိုင်ရန်မှာ အခက်အခဲများစွာရှိနေပြီး တရုတ်နှင့် ဂျပန်ကဲ့သို့သော နိုင်ငံများနှင့် ယှဉ်ပြီး အလုပ်သမားခေါ်ယူရန်မှာလည်း စိန်ခေါ်မှုများရှိနေကြောင်း ဆိုသည်။

ယခုအချိန်တွင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ၃ နိုင်ငံမှ တရားဝင် အထောက်အထားပြုလုပ်ထားသော ရွှေ့ပြောင်းအလုပ်သမား ၂ ဒသမ ၅ သန်းခန့်ရှိကြောင်း အလုပ်သမားခန့်ထားရေးဦးစီးဌာန၏ ဥက္ကဌ Mr. Pairoj Chotikasathien က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အထောက်အထားရှိပြီးသား ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ အလုပ်လုပ်ကိုင်နိုင်ရေး သက်တမ်းထပ်မံတိုးနိုင်သော အစီအစဉ်ကို ထိုင်းအစိုးရအဖွဲ့က ခွင့်ပြုပေးခဲ့ကြောင်း ၎င်းကဆိုသည်။

အလားတူ အထောက်အထား မရှိသေးသော တရားမဝင်အလုပ်သမားများအနေဖြင့်လည်း ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ အထိ တရားဝင်အလုပ်လုပ်ကိုင်ခွင့် ပေးမည်ဖြစ်ပြီး မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံ နိုင်ငံတို့မှ အလုပ်သမားများကို ခွင့်ပြုပေးမည်ဟု ဆိုသည်။

Ref: Bangkok Post