ပုလော မှော်မိရွာတွင် လက်နက်ကြီးကျည်ကျပြီး ရွာသားတစ်ဦးသေဆုံး

0
535

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မှော်မိကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ရွာသားတစ်ဦး သေဆုံးသွားကြောင်း သေဆုံးသူ၏ ရပ်ဆွေရပ်မျိုးများထံမှ သိရသည်။

ဇူလိုင်လ ၁၂ ရက်နေ့ညနေ ၅ နာရီဝန်းကျင်မှ စတင်ကာ ပုလောအရှေ့ခြမ်း ကျေးရွာများဖြစ်သည့် ဂျင့်ဂါ၊ မှော်မိ၊ ကျောင်းနိမ့် ကျေးရွာများဖက်သို့ ပုလောတပ်ရင်းဘက်မှ လက်နက်ကြီးများဖြင့် တစ်ညလုံး ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ညနေ ၆ နာရီဝန်းကျင်တွင် လက်နက်ကြီးကျည် မှော်မိရွာထဲသို့ ကျရောက်ပြီး အမျိုးသားတစ်ဦး ဗုံးဆံထိမှန်ကာ နေရာ၌ ပွဲချင်းပြီး သေဆုံးကြောင်း ဆွေမျိုးများက ပြောသည်။

သေဆုံးသူသည် အသက် ၅၃ နှစ်ရှိ ဦးစိန်ဝင်းဖြစ်ပြီး ကျည်စထိန်မှန်သဖြင့် ပေါင်ရင်းမှ ခြေတစ်ဖက်ပြတ်သွားပြီး ဝမ်းဗိုက်ကိုလည်း ထိမှန်ကာ သေဆုံးသွားကြောင်း ၎င်းတို့က ပြောပြသည်။

“သူက လေဖြတ်ထားတယ်။ အိမ်ကိုအရင်ထိပြီး (ဖင်ထိုင်သွားပြီး) ထွက်အပြေး အိမ်နဲ့ဆယ်လံအကွာလောက်မှာ နောက်တစ်လုံး ထပ်လာကျတာ” ဟု မှော်မိရွာသားတစ်ဦးက ပြောသည်။

ဦးစိန်ဝင်း၏ ရုပ်အလောင်းကို ညတွင်းချင်း နာရေးကူညီမှုအသင်းတစ်ခု၏ကားဖြင့် ပုလောဘက်သို့ သယ်ဆောင် သွားကြကြောင်း ရွာသားများက ပြောသည်။

ယင်းအတွက် မင်းထိန်ရွာရှိ ဆွေမျိုးများက ပုလောမြို့သို့ လိုက်ပါရန် လုပ်ဆောင်နေသော်လည်း မင်းထိန်ရွာနှင့် ပုလောမြို့အကြားရှိ ပဝတ်ကုန်းရွာတွင် ယနေ့ နံနက်မှစတင် နှစ်ဖက်တိုက်ပွဲဖြစ်နေသဖြင့် သွား၍ မရဖြစ်နေကြောင်း သေဆုံးသူ၏ ဆွေမျိုးများနှင့် ရင်းနှီးသည့် မင်းထိန်ရွာသားတစ်ဦးက ပြောသည်။

“အမျိုးတွေက ပုလောတက်လိုက်ဖို့ လုပ်နေတာ။ အခုတိုက်ပွဲဖြစ်နေလို့ သွားလို့ မရဘူးဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်မှ ဇွန်လ ၃၀ ရက်နေ့အထိ ပုလောအရှေ့ခြမ်းရွာများတွင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ရွာသားများ ဘေးလွတ်ရာ ထွက်ပြေးကြပြီးနောက် လက်ရှိ ဒေသခံများ ရွာပြန်ရောက်ချိန်တွင် ပစ်ခတ်ခံနေရခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

“ရွာပြန်လာကာစပဲ ရှိသေးတယ်၊ ပြေးရပြန်ပြီ” ဟု ထွက်ပြေးခဲ့ရသည့် ဂျင့်ဂါရွာအမျိုးသားက ပြောသည်။

ဇူလိုင်လ ၁၂ ရက်ည တစ်ညလုံး အရှေ့ဖျားရွာများဖက်သို့ လက်နက်ကြီးပစ်ခတ်ခဲ့ပြီးနောက် ယနေ့နံနက်တွင် ပုလောမြို့တောင်ဖက် တိုက်ပွဲဖြစ်ပွားနေသည့် ပဝတ်ကုန်းကျေးရွာဖက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောပြသည်။

“အာရုံတက်ကတည်းက ပဝတ်ကုန်းမှာ တိုက်ပွဲဖြစ်နေတယ်။ လက်နက်ကြီးတွေအသံရော လက်နက်ငယ်အသံပါ ကြားနေရတယ်။ ကျွန်တော်တို့ ရွာထိပ်မှာလည်း ဒီမနက် လက်နက်ကြီးတစ်လုံး လာကျတာ ရွာတောင် တုန်သွားတယ်” ဟု မင်းထိန်ရွာနေ အမျိုးသားတစ်ဦးက ပြောသည်။

မင်းထိန်ရွာသည် ပဝတ်ကုန်းရွာနှင့် ရွာနီးစပ်ဖြစ်ပြီး လက်နက်ကြီးကျည် ရွာထဲကျရောက်မည်ကို ရွာသားများ ထိတ်လန့်နေကြသည်ဟု ၎င်းက ပြောသည်။

နှစ်ဖက်တိုက်ပွဲနှင့် ပတ်သက်ပြီး Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။