ထိုင်းတွင် ကားတိုက်မှုကြောင့် မြန်မာအမျိုးသမီးလုပ်သားတစ်ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာရ

0
333

ထိုင်းတောင်ပိုင်း စွန်ခရာခရိုင်တွင် မြန်မာ အမျိုးသမီးအလုပ်သမားများ လိုက်ပါလာသော မီနီဘတ်စ်ကားနှင့် ကုန်တင်ကားတို့ တိုက်မိသဖြင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၅ နာရီခွဲကျော်တွင် စွန်ခရာခရိုင် စဒေါင်းဒေသ ကန်ချနဝနစ်ခ်ျလမ်းပေါ်ရှိ စဒေါင်းရော်ဘာစက်ရုံရှေ့၌ ကားတိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဘတ်စ်ကားသည် အဆိုပါလမ်းမပေါ်၌ U Turn ကွေ့ရာတွင် တစ်ဖက်မှ လာနေသော ကွန်တိန်နာ သယ်ဆောင် လာသည့် ၁၈ ဘီး ကုန်တင်ကားက အရှိန်ဖြင့် ဝင်တိုက်မိသဖြင့် လမ်းဘေးမြောင်းအထဲသို့ တိမ်းမှောက်သွားခြင်း ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ဘတ်စ်ကားပေါ်တွင် မြန်မာအလုပ်သမား အမျိုးသမီး ၁၁ ဦး လိုက်ပါလာပြီး စဒေါင်းခရိုင် ဝါတ်ဟူဝ်ထနွန် ဘုန်းကြီးကျောင်းတွင် အလှူပြုလုပ်ရန် လာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကားတိုက်မှုကြောင့် ဘတ်စ်ကားမောင်းသူမှာ ဒဏ်ရာအနည်းငယ်ရရှိ၍ မြန်မာအလုပ်သမားတစ်ဦးမှာ ခြေလက်များ ကျိုးပြီး ဦးခေါင်းခွံပေါက်ပြဲဒဏ်ရာများဖြင့် လမ်းပေါ်တွင် သေဆုံးခဲ့ကာ ကျန် ၁၀ ဦးမှာ လမ်းလယ်တွင် ပြန့်ကြဲလျက် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ဒဏ်ရာရရှိသူများအနက် လေးဦးမှာ စိုးရိမ်ရပြီး ၎င်းတို့အားလုံးကို ကယ်ဆယ်ရေးအဖွဲ့များမှ ဆေးရုံများသို့ ပို့ဆောင် ပေးခဲ့ပြီး သေဆုံးသွားသူ မြန်မာအလုပ်သမား၏ အမည်ကို မသိရသေးကြောင်း သတင်းများတွင် ရေးသားထားသည်။

ကုန်တင်ကားမောင်သူက ၎င်းမောင်းလာသော လမ်းကြောင်းတွင် တဖက်လမ်းက ဘတ်စ်ကားသည် U Turn ကို ရုတ်တရက်ကွေ့ချလိုက်သည်ဟု ဆိုကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြထားသည်။

အဆိုပါကားတိုက်မှုအတွက် အရေးယူမှုများ မပြုလုပ်ခင်တွင် လုံခြုံရေးကင်မရာ (CCTV) မှတ်တမ်းများမှတဆင့် စစ်ဆေးသွားမည်ဖြစ်ပြီး အဆိုပါနေရာတွင် တနေကုန် မိုးရွာထားသဖြင့် လမ်းများလည်း ချောနေနိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Ref: HatyaiFocus – หาดใหญ่โฟกัส, Bangkok post