ပန်းဒလဲ ပျူစောထီးအိမ်တိုက်ခိုက်ခံရပြီးနောက် အိမ်ရှေ့မှဖြတ်သွားသော လူငယ်သုံးဦး ပစ်ခတ်ခံရ

0
496

လောင်းလုံးမြို့နယ် ပန်းဒလဲရွာတွင် ပျူစောထီးအဖွဲ့ဝင်များစုနေထိုင်သော အိမ်ကို တိုက်ခိုက်ခံရပြီးနောက် ယင်းနေအိမ်ရှေ့မှ ဆိုင်ကယ်စီး၍ ဖြတ်သန်းသွားလာသည့် လူငယ်သုံးဦး ပစ်ခတ်ခံရပြီး တစ်ဦးဒဏ်ရာရရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

အဆိုပါနေအိမ်ကို PDF ပူးပေါင်တပ်ဖွဲ့ဝင်များ ဇူလိုင်လ ၉ ရက်ည ၁၁နာရီကျော်တွင် ဝင်ရောက်တိုက်ခိုက်ပြီး ည ၁နာရီခွဲအထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း ဒေသခံများက ပြောသည်။

“အဲဒီနေ့က တကယ့်ငရဲကျနေသ‌လိုပဲ။ သေနတ်သံတွေ မနည်းဘူး။ တစ်ဖက်နဲ့ တစ်ဖက် ပစ်နေကြတာ။ ထကြည့်လို့လည်း မရဲ။ တစ်နေကုန် လမ်းလည်း မထွက်ရဲကြဘူး” ဟု ယင်းရွာက ဒေသခံတစ်ဦးက ပြောဆိုသည်။

ယင်းနောက် ဇူလိုင် ၁၀ ရက်နေ့ ညနေပိုင်းတွင် ယင်းနေအိမ်ရှေ့မှ ဆိုင်ကယ်နှစ်စီးဖြင့် ဖြတ်သန်းသွားသည့် လူငယ် သုံးဦးကို ပျူစောထီးအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ရာ လူငယ်တစ်ဦးတွင် ခြေထောက် ကျည်ထိမှန်ဒဏ်ရာ ရရှိကြောင်း ၎င်းက ဆိုသည်။

ပစ်ခတ်မှုကြောင့် ဆိုင်ကယ်လဲသွားချိန် သေနတ်ဖြင့်ချိန်ရွယ်က လိုက်လံဖမ်းဆီးသဖြင့် လူငယ်သုံးဦးစလုံး အဖမ်းခံရသည်ကို တွေ့ရကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းနောက် ဒဏ်ရာရရှိထားသည့် လူငယ်ကို ခေါ်ယူထားပြီး ကျန်နှစ်ဦးအား ဆိုင်ကယ်ဖြင့် ပြန်လွှတ်လိုက်သည်ကို တွေ့ရကြောင်းလည်း ၎င်းတို့က ပြောဆိုသည်။

ပစ်ခတ်ခံရသော လူငယ်သုံးဦးမှာ ရွာဟောင်းဝရွာသားများ ဖြစ်ကြောင်း ရွာဟောင်းဝရွာသားအချို့ထံမှ သိရသည်။

အဆိုပါလူငယ်များမှာ ၁၈နှစ်အရွယ်များဖြစ်ပြီး လူငယ်နှစ်ဦးကို ပြန်လွှတ်လိုက်ကာ မိဘများကို ခေါ်ခိုင်းခြင်း ဖြစ်ကြောင်း ရွာဟောင်းဝရွာဒေသခံတစ်ဦးက ပြောသည်။

မိဘများ သွားရောက်ခေါ်ယူ‌ပြီးနောက် ယင်းနေ့ ညနေပိုင်းတွင် မိဘများထံ ပြန်အပ်လိုက်ကြောင်း ၎င်းက ဆိုသည်။

ပန်းဒလဲရွာရှိ ပျူစောထီးအဖွဲ့ဝင်များစုနေသော နေအိမ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ငါးဖွဲ့ထက်မနည်း ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း လောင်းလုံး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) အဖွဲ့က ယနေ့ (ဇူလိုင် ၁၁) နံနက်ပိုင်းက ထုတ်ပြန်ထားသည်။