မြိတ်ခရိုင်တွင် တိုက်ပွဲနှင့် မိုင်းဆွဲမှု ၂၅ကြိမ်ထက်မနည်းဖြစ်ကြောင်း ထုတ်ပြန်

0
301
ပုံစာ - အဖူး-စောကပေါ့ | Photo - KPDF

ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) နှင့် စစ်ကောင်စီတပ်တို့အကြား ဆယ်လအတွင်း တိုက်ပွဲနှင့် မိုင်းဆွဲ တိုက်ခိုက်မှု စုစုပေါင်း ၂၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင်၊ ပုလောအခြေစိုက် ကရင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ပုလောမြို့နယ်အတွင်း KPDF အဖွဲ့သည် မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီတပ် အပါအဝင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းသူများကို တိုက်ခိုက်ခဲ့ကြောင်း ဇူလိုင် ၈ရက်နေ့တွင် KPDF ထုတ်ပြန်ထားသည့် အချက်အလက်များ အရသိရသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၃ ရက်မှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့အထိ တိုက်ပွဲပေါင်း ၁၅ ကြိမ်နှင့် KPDF က မိုင်းဆွဲတိုက်ခိုက်မှုပေါင်း ၁၀ ကြိမ် ရှိခဲ့ကြောင်း KPDF က ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။

ပုလောမြို့နယ်၊ အရှေ့ဖျားကျေးရွာများတွင် နှစ်ဖက်တိုက်ပွဲ အများဆုံးထိတွေ့ဖြစ်ပွားခဲ့ပြီး မိုင်းဆွဲမှုများကို ပုလော-မြိတ် ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တိုက်ပွဲများသည် ပုလောအရှေ့ဖျားကျေးရွာများဖြစ်သည့် မိကျောင်းသိုက်၊ ဒူးရင်းပင်ရှောင်၊ ပုလောကုန်း၊ ဝက်တိုး၊ ရှမ်းဒွတ်၊ မင်းဝင်း၊ နန်းတောင်၊ ကျောင်းနိမ့်၊ မှော်မိနှင့် မြိတ်မြို့နယ် ပပြင်ကျေးရွာအနီး စုစုပေါင်း တိုက်ပွဲ ၁၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ယာဉ်တန်းမိုင်းဆွဲ တိုက်ခိုက်မှုများမှာ ပုလောမြို့နယ်၊ ပြည်ထောင်စုကားလမ်းပေါ်ရှိ မင်းထိန်၊ ကဒဲ၊ တပို စသည့် ကျေးရွာများ အနီးတစ်ဝိုက်နှင့် မြိတ်မြို့နယ် မြို့ရှောင်လမ်းပေါ်ရှိ ကျောက်လုံးကြီး၊ ပပြင်၊ ဘဲမဒီ ကျေးရွာများအနီးတွင် လုပ်ဆောင်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

အထက်ပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၇၆ ဦး ကျဆုံးပြီး ဒဏ်ရာရသူ ၂၂ ဦးရှိကာ မိုင်းဆွဲတိုက်ခိုက်မှု များတွင်မူ ၁၁ ဦးကျဆုံးကာ ၂၀ ဦး ဒဏ်ရာရသည်ဟု KPDF က ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။

KPDF ဘက်ကမူ တစ်ဦးကျဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးသားထားသည်။

စစ်ကောင်စီတပ် ကျဆုံးဒဏ်ရာရမှုနှင့် ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပါ။

ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) သည် မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အခြေစိုက်ထားပြီး ယင်းတပ်ဖွဲ့ကို အသက် (၆၂) အရွယ် ကရင်အမျိုးသား KNDO ဗိုလ်ကြီးဟောင်း အဖူး-စောကပေါ့က ဦးဆောင်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ပုလောမြို့နယ်တွင် KNU တပ်မဟာ (၄) ၊ ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF)၊ ပုလောပြည်သူ့ကာကွယ်ရေး တပ်မတော် (PPDF)၊ ပုလောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PRDF) စသည့် တပ်များနှင့် စစ်ကောင်စီတပ်တို့ မကြာမကြာတိုက်ပွဲဖြစ်ပွားနေသည်။