ကော့သောင်းဘက်မှ ထိုင်းသို့ တရားမဝင် ဝင်ရောက်သောမြန်မာလုပ်သား ၅၈ ဦး ဖမ်းဆီးခံရ

0
400

ကောင်းသောင်းဘက်မှ ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖွန်နှင့် ရနောင်းခရိုင်တို့ကို တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာသော မြန်မာအလုပ်သမား ၅၈ ဦးအား ဇူလိုင်လ ၁ဝရက်နေ့တွင် ဖမ်းဆီးရမိကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ များက ထုတ်ပြန်ထားသည်။

ချွန်ဖွန်ခရိုင် ထာ့စဲဒေသတွင် ပစ်ကပ်ကား သုံးစီးဖြင့် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာ အလုပ်သမား ၂၉ ဦးကို ထိုင်းတပ်မတော်အမှတ် (၄၄) က ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ထားသည်။

အထောက်အထားမဲ့ မြန်မာအလုပ်သမားများပါလာသော ကားသုံးစီးသည် ရနောင်းခရိုင် ကရာဘူရီဒေသမှ တဆင့် ချွန်ဖွန်ခရိုင်သို့ တစ်ဦးလျှင် ဘတ် ၃၀၀၀ ယူကာ ပို့ဆောင်နေစဉ်တွင် ရွာသားများက သတင်းပေးတိုင်ကြားသဖြင့် ဖမ်းမိခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းတို့မှာ ကော့သောင်း-ရနောင်းလမ်းကြောင်းမှတစ်ဆင့် တရားမဝင် ဝင်လာကြသူများဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာအလုပ်သမား ၂၉ ဦးတွင် အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၁၀ ဦးပါဝင်ပြီး ကားမောင်းလာသော ထိုင်းနိုင်ငံသား လေးဦးကိုပါ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာအလုပ်သမားများသည် ရန်ကုန်၊ ထားဝယ်၊ ကော့သောင်း၊ မော်လမြိုင်တို့မှ လာကြခြင်းဖြစ်ပြီး ချွန်ဖွန်၊ စူရတ်ဌာနီ၊ ဖူးခက်မြို့များတွင် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် တစ်ဦးလျှင် ဘတ် ၂၀၀၀၀ အထိ ကုန်ကျခံကာ လာရောက်ကြခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့သို့ ပြောဆိုသည်။

ယင်းနေ့တွင်ပင် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် စုခ်စရာမ်ဒေသရှိ တောထဲတွင် တရားမဝင် မြန်မာအလုပ်သမား ၂၉ ဦးပါသော ပစ်ကပ်ကားနှစ်စီးကို ထပ်မံဖမ်းဆီးရမိကြောင်း ထိုင်းခြေမြန်တပ်ရင်းအမှတ် (၂၅) က ထုတ်ပြန်ထား သည်။

၎င်းတို့သည် ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့မှတစ်ဆင့် လှေဖြင့် တရားမဝင် ဝင်ရောက်ကြပြီးနောက် ကားနှစ်စီးဖြင့် စူရတ်ဌာနီခရိုင်သို့ သွားနေစဉ်တွင် ထိုင်းတပ်မတော်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

မြန်မာအလုပ်သမား ၂၉ ဦးတွင် အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ၈ ဦးတို့ပါဝင်ပြီး ထိုင်းနိုင်ငံသား ကားသမားနှင့် လမ်းပြ ၄ ဦးကိုပါ ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ထားသည်။

မြန်မာလုပ်သားများသည် တစ်ဦးလျှင် မြန်မာပွဲစားများသို့ ဘတ် ၁၅၀၀၀ ပေးချေကာ ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်တွင် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ရည်ရွယ်ကာ လာရောက်ကြခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထက်ပါ မြန်မာအလုပ်သမားများနှင့် ထိုင်းနိုင်ငံသားများကို အရေးယူနိုင်ရန် သက်ဆိုင်ရာနယ်မြေ ရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွင်း မငြိမ်မသက်မှု၊ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုမြင့်တက်လျက်ရှိနေရာ ပြီးခဲ့သော ဇွန်လအတွင်း ဖမ်းဆီးခံရသူဦီးရေ ၁၀၀၀ ကျော်ရှိကြောင်း ပညာရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ၏ စာရင်းများအရသိရသည်။

Ref: MGR Online, หน่วยเฉพาะกิจกรมทหารราบที่25