အဆိုးကျော့သံသရာထဲက အရေးပေါ်လူနာတင်ကား ပရဟိတများ

0
2259

အရေးပေါ်လူနာတင်ကား အကူအညီပေးရေးအဖွဲတွေ အခက်အခဲများစွာနဲ့ ကြုံတွေ့နေရပြီး အဖွဲ့တော်တော်များများက ရပ်ဆိုင်းလုလုဖြစ်နေပါပြီ။

“အဖွဲ့မှာရှိတဲ့ ရန်ပုံငွေကလည်း ကုန်လာပြီဆိုတော့ ဒီလကုန်ဆိုရင် (ဇူလိုင်လကုန်) ရပ်နားဖို့အခြေအနေများတယ်” လို့ ဆိုလာသူက ဇမ္ဗူသီရိအရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့(ထားဝယ်) ဥက္ကဌ ဦးနိုင်မျိုးသွင်။

ဇမ္ဗူသီရိအဖွဲ့က လုပ်ဆောင်ပေးနေတဲ့ လူနာသယ်ဆောင်ရေးအပါအဝင် လူမူကူညီရေးလုပ်ငန်းတွေအားလုံး ဇူလိုင်လအကုန်လောက်မှာ ရပ်နားရတော့မှာဖြစ်တယ်လို့ သူကပြောပြပါတယ်။

အာဏာမသိမ်းခင်က ထားဝယ်ခရိုင်က ကျေးရွာတိုင်းလိုလိုမှာ ပရဟိတအရေးပေါ် လူနာသယ်ဆောင်ရေး အဖွဲ့တွေရှိပါတယ်။

အာဏာသိမ်းပြီးနောက်မှာတော့ လုံခြုံရေးအခြေအနေ၊ ယာဉ်မှတ်ပုံတင်ပြဿနာ စတဲ့အကြောင်းအရာတွေကြောင့် အချို့လူနာသယ်ဆောင်ရေး ပရဟိတအဖွဲ့တွေ ရပ်နားလိုက်ကြရပါပြီ။

အခုကတော့ ခက်ခဲလှတဲ့ အခြေအနေတွေကို တောင့်ခံရပ်တည်လာတဲ့ အ‌ရေးပေါ်လူနာသယ်ဆောင်ရေး လက်ကျန်ပရဟိတအဖွဲ့တွေပါ ရပ်နားရဖို့ဖြစ်လာတာပါ။

ကျေးလက်ပြည်သူတွေ အားကိုးရာ

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)မှာ ပူးပေါင်းပါဝင်ကြတဲ့ တနင်္သာရီတိုင်းက ဝန်ထမ်းတွေထဲမှာ ကျန်းမာရေးနဲ့ ပညာရေးဝန်ထမ်းတွေ အများဆုံးပါဝင်ခဲ့ကြပါတယ်။

ဖမ်းဆီးခံရမယ့်အရေးကြောင့် CDM ဝင်ထားတဲ့ ဝန်ထမ်းတွေက ထွက်ပြေးတိမ်းရှောင် နေရတာ၊ ကျန်းမာရေးဝန်ထမ်းတွေ ကျေးရွာတွေကို မပို့ပေးတာတွေကြောင့် ကျေးလက်ကျန်းမာရေး ဌာနတွေ၊ ဆေးပေးခန်းတွေ ပိတ်ထားရပါတယ်။

ဒါကြောင့် ကျေးလက်နေပြည်သူတွေ ကျန်းမာရေးတစ်ခုခုဖြစ်ရင် မြို့ပေါ်က အစိုးရဆေးရုံ ဒါမှမဟုတ် ပုဂ္ဂလိကဆေးရုံတွေကို သွားရောက်ကြရပါတယ်။

လူနာကို ဆေးရုံတွေပို့နိုင်ဖို့ အရေးပေါ်လူနာသယ်ဆောင်ရေး ပရဟိတအဖွဲ့တွေကို ကျေးလက်နေပြည်သူတွေက အားပြုနေကြရတာပါ။

ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ အရေးပေါ်လူနာသယ်ဆောင်ရေး အဖွဲ့တွေ ရပ်နားသွားတာ၊ ကျန်ရှိတဲ့ အဖွဲ့တွေကလည်း နယ်မြေလုံခြုံရေးမကောင်းတဲ့ အတွက် ညဘက်တွေမှာ ကူညီမှုရပ်နားထားတာတွေကြောင့် ဒေသခံတွေမှာ အခက်အခဲတွေ ကြုံလာနေရပါပြီ။

“တစ်ညလုံးနီးပါးပါပဲဗျာ အော်တယ်။ စိတ်ထဲမှာလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး။  မိုးလင်းခါနီးမှ မတက်သာလို့ အရပ်ဆရာဝန်ကို ခေါ်ပြီးပြရတယ် နည်းနည်းသက်သာလို့ မိုးလင်းမှ ဆေးရုံပို့လိုက်ရတယ်” လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ လောင်းလုံးဒေသခံ ဦးမောင်(အမည်လွှဲ) ကဆိုပါတယ်။

အစားမှားပြီး ညအချိန်မတော် ဗိုက်အောင့်လာတာကြောင့် ဆေးရုံတင်ဖို့ ပရဟိတလူနာတင် အသင်းအဖွဲ့တွေဆီကို ဦးမောင်အကူအညီ တောင်းခံခဲ့ပေမယ့် ဘယ်အဖွဲ့မှ မလိုက်ရဲတာကြောင့် မနက်မိုးလင်းမှသာ လူနာကိုဆေးရုံတင်နိုင်ခဲ့တာပါ။

ညဖက် ကျန်းမာရေး အရေးပေါ်ကြုံလာရင် အသေခံရမယ့် အခြေအနေကို ကျေးလက်နေ ပြည်သူတွေ ကြုံတွေ့နေရပါပြီ။

နယ်မြေက မအေးချမ်း

ပရဟိတ လူနာတင်ကားတွေမှာလည်း အခက်အခဲတွေက အများကြီးကြုံနေရတာပါ။

အဓိက အခက်အခဲတစ်ခုကတော့ နယ်မြေမအေးချမ်းတာကြောင့် ညရေးညတာ အရေးပေါ်လူနာတင်ယာဉ်တွေ မထွက်ရဲကြတာဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့အကြား နှစ်ဘက်ထိတွေ့ပစ်ခတ်မူတွေ မကြာခဏဖြစ်ပွားနေတဲ့ ထားဝယ်ခရိုင်အတွင်းမှာ လူနာတင်ကားတွေကိုလည်း မတော်တဆ မှားယွင်းပစ်ခတ်ခံရတာမျိုး ဖြစ်လာနိုင်ပါတယ်။ ညဘက်ဆို ပိုတောင်ဆိုးနိုင်ပါတယ်။

“ညနက်သန်းခေါင် နယ်ဝေးကို လူနာလိုက်သယ်ပေးဖို့ဆိုတာ ဘယ်လိုမှကိုမဖြစ်နိုင်ဘူး။ အသက်ကိုဖက်နဲ့ထုတ်ပြီး သွားရမယ့်ကိစ္စတစ်ခု ဖြစ်နေတယ်။ ကိုယ့်ရဲ့လုံခြုံရေးကိုလည်း ကြည့်ရသေးတယ်လေ”

လို့ ထားဝယ်မြို့နယ်က အရေးပေါ်လူနာတင်ယာဉ်အဖွဲ့ တစ်ခုမှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲ့ဒီလို အသက်အန္တရာယ်ရှိတဲ့အတွက် လူနာတင်ယာဉ်မောင်းသူတွေကလည်း ညဘက်ဆို မမောင်းရဲကြပါဘူး။

ဒါအပြင် အရေးပေါ်လူနာတင်ကားတွေကို စစ်တပ်က တားဆီးစစ်ဆေးတာရှိသလို အဖြေမတတ်လို့ သံသယဖြစ်ပြီး ရိုက်နှက်စစ်ဆေးတာ ကြုံထားရတဲ့အတွက် ယာဉ်မောင်းတွေက ညဘက်ဆို မမောင်းရဲကြဘူးလို့ သရက်ချောင်းမြို့နယ် အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကလည်း ပြောဆိုပါတယ်။

“ကျွန်တော်တို့ ရွာသားပဲ၊ သဲချောင်းကြီးဂိတ်ကနေ တခါတည်းမောင်းသွားပြီး ရငဲတိုက်နယ်ဆေးရုံကို မောင်းသွားတာမှာ ဝင်းဝစစ်ဆေးရေးဂိတ်မှာလည်း မနားဘူးသူတို့ကလည်း။ ရငဲဆေးရုံကလည်း လက်မခံလို့ ပြန်လာချိန်မှာ ဝင်းဝစစ်ဆေးရေးဂိတ်က မေးတော့တစ်ယောက်က သေနတ်ထိတယ်၊ တစ်ယောက်က မြက်ရိတ်စက်ပြတ်တယ်ဆို ပြောတယ်၊ အရေးပေါ်ကားမောင်းသမားက စကားပြောမတတ်တော့ ရိုက်ခံထုခံထိတယ်။ သပြေချောင်းစစ်တပ်ထဲထိ ရောက်သွားသေးတယ်။ ပြီးမှ ပြန်လွတ်လာတာ”လို သူကရှင်းပြပါတယ်။ 

ဒါကြောင့်ပင် အရေးပေါ်လူနာတင်ယာဉ် ပရဟိတ အသင်းတွေက ည ၈ နာရီနောက်ပိုင်း လူနာပို့ဖို့ဆို အလွယ်တကူ လက်မခံကြတော့။ ကျေးလက်နေ ပြည်သူတွေကလည်း အားကိုးရာ ပရဟိတအဖွဲ့တွေ ခေါ်ရတာခက်လာလို့ အားကိုးရာမရှိ ဖြစ်လာနေပါတယ်။

စက်သုံးဆီက ထိုးနှက်

အဲဒီလိုအခြေအနေမျိုးမှာ အခုထပ်ပြီး လူနာတင်အဖွဲ့တွေကို ထိုးနှက်လာတာက စက်သုံးဆီဈေးနူန်းနဲ့ အခြား‌အထွေထွေ ကုန်ဈေးနူန်းမြင့် တက်လာမှုပဲဖြစ်ပါတယ်။

လုံခြုံရေးအပါအဝင် အခက်အခဲပေါင်းစုံကြားကနေ ဆက်လက်ရပ်တည်နေကြတဲ့ လူနာတင်ယာဉ်အဖွဲ့ဟာ စက်သုံးဆီဈေးကြီးမှုကိုတော့ မကျော်နိုင်တဲ့ အခြေအနေကို ကြုံနေရပါပြီ။

အချို့လူနာတင်ယာဉ် အဖွဲ့တွေကလည်း စက်သုံးဆီဈေးနူန်း မြင့်တက်လာတာကြောင့် တောင့်မခံနိုင်တော့ဘဲ ယာယီရပ်နားပြီး အလှူငွေရရှိမှ ပြန်လည်ပတ်တာမျိုး လုပ်နေကြရပါတယ်။

Dawei Watch ရဲ့ စုံစမ်းမူအရတော့ စက်သုံးဆီဈေးနှုန်း မြင့်တက်တာကြောင့် ယာယီရပ်နားဖူးတဲ့အဖွဲ့ ထားဝယ်ခရိုင်ထဲ နှစ်ဖွဲ့ရှိပါတယ်။ သူတို့ရဲ့တောင်းဆိုမူအရ ဘယ်အဖွဲ့တွေဆိုတာကိုတော့ ‌ဖော်ပြလို့မရပါဘူး။

အခုထားဝယ်မြို့နဲ့ အနီးအနားကျေးရွာတွေက အားထားနေရတဲ့ ဇမ္ဗူသီရိအဖွဲ့ကပါ ရပ်နားတော့မယ်လို့ ဆိုလာပါတယ်။ မကြာခင်မှာ သူတို့ရဲ့ Facebook Page ကနေ ရပ်နားကြောင်း တရားဝင်ကြေညာပေးမှာ ဖြစ်တယ်လို့ ဦးနိုင်မျိုးသွင်က ပြောပါတယ်။

ဇမ္ဗူသီရိအဖွဲ့ရဲ့ တစ်လတာ လူမူကူညီရေး အသုံးစာရိတ်ဟာ ကျပ်သိန်း ၃၀ အထက်မှာရှိပေမယ့် လက်ရှိအလှူခံရငွေကတော့ တစ်လကျပ် ၄ သိန်းကျော်လောက်ပဲ ရှိတော့တာလို့ဆိုပါတယ်။

“အခုဆို ကားတိုင်းမှာဆီမထည့်နိုင်ဘူး။ မဖြစ်မနေကူညီပေးနေရတဲ့ နေရာမျိုးမှာ အသုံးပြုလို့ရအောင် ကားတစ်စီး၊ နှစ်စီးလောက်ကိုပဲ ဆီးတစ်သောင်းဖိုး၊ နှစ်သောင်းဖိုး ထည့်နေရတယ်”လို့ ဦးနိုင်မျိုးသွင်က ပြောပါတယ်။

ထားဝယ်မြို့မှာ အခုလက်ရှိ စက်သုံးဆီဈေးက တစ်လီတာ ကျပ်နှစ်ထောာင်ကျော် သုံးထောင်နီးပါးရှိပါတယ်။

အဲဒီဈေးနူန်းဟာ စစ်ကောင်စီ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားတဲ့ဈေးနူန်းထက် ပိုမိုရောင်းချနေတဲ့ နူန်းထားပဲဖြစ်ပါတယ်။

စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီရဲ့ ဇူလိုင်လ ၉ ရက်ထုတ်ပြန်ချက်အရ ထားဝယ်မြို့မှာ ရောင်းချရမယ့် စက်သုံးဆီဈေးနူန်းမှာ ၉၂ တစ်လီတာ ၁၈၅၀ ကျပ်၊ ၉၅ တစ်လီတာ ၂၀၂၀ ကျပ်၊ ဒီဇယ်ဆီမှာ ၂၃၁၀ ကျပ်ကနေ ၂၃၆၀ ကျပ်အကြားမှာသာ ရှိရမှာပါ။

အရင်က လှူမှယူတဲ့ ကြက်ခြေနီအဖွဲ့တောင် အခုဆိုရင် နယ်ဝေးကလူနာ‌တွေမှာ လူနာတင်ယာဉ် ဝန်ဆောင်မူအတွက် စက်သုံးဆီ‌ဖိုးကုန်ကျငွေကို အလှူခံပြီး ရပ်တည်နေတယ်လို့ ထားဝယ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကိုကိုနိုင်က ပြောပါတယ်။

“ကျွန်တော်တို့မှာ ကူညီဖို့ လူအဆင်သင့်ရှိတယ်၊ ကားအဆင်သင့်ရှိတယ်။ မရှိတာကတော့ ကားဆီ( စက်သုံးဆီ)။ အဲတော့ ခရီဝေးလူနာဆိုရင် လူနာရှင်ဆီမှာ ကားဆီဖိုးအလှူခံရပါတယ်”

လို့ ဦးကိုကိုနိုင်က ဆိုပါတယ်။

အခုဆိုရင် ထားဝယ်ခရိုင်မှာ ၂၄ နာရီ လူနာသယ်ဆောင်ပေးနေတဲ့အဖွဲ့ဆိုလို့ ကြက်ခြေနီအဖွဲ့နဲ့ ဇမ္ဗူသီရိ(ထားဝယ်မြို့) အဖွဲ့တို့လောက်ပဲကျန်ပါတော့တယ်။

အဖွဲ့အများစုကတော့ ည ၈ နာရီနောက်ပိုင်းဆိုရင် လူနာသယ်ပို့တာတွေ ရပ်နားထားကြပါတယ်။

အဆိုးကျော့သံသရာထဲက

ပရဟိတအရေးပေါ်လူနာတင်ယာဉ်အဖွဲ့တွေဟာ ပြည်သူတွေရဲ့ အလှူငွေတွေနဲ့ ရပ်တည်နေကြရတာပါ။

အခုမိုးရာသီရောက်လာပါပြီ။ သွေးလွန်တုပ်ကွေး ရာသီစလာပါပြီ။ ရေကြီး၊ ရေလျှံ၊ တောင်ပြို စတဲ့သဘာဝဘေးတွေ ဖြစ်လာနိုင်တဲ့ ရာသီလည်းဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အရေးပေါ်လူနာတင်ယာဉ်အဖွဲ့တွေ ရပ်ဆိုင်းကုန်တာက ပြည်သူတွေအတွက် အားကိုးရာမဲ့လာတာပါ။

ပြည်သူတွေမှာလည်း ကျေးလက်က နီးနီးနားနား ကျန်းမာရေးဆေးခန်းတွေ အားကိုးမရတော့ မြို့ပေါ်တက်ပြရမယ့် အခြေအနေမှာ အရေးပေါ်လူနာတင်ကားတွေ မရှိရင် မြို့ပေါ်မတက်နိုင်ဘဲ အသေခံကြရမယ့် သဘောဖြစ်နေပါပြီ။

အခုဆိုရင် ပြည်သူတွေစားဝတ်နေရေး ကျပ်တည်းလာကြလို့ အလှူငွေမထည့်နိုင်၊ အလှူငွေမရတော့ ပရဟိတ အဖွဲ့တွေ စက်သုံးဆီဖိုးမနိုင်လို့ ရပ်နားကြ၊ လူနာတင်ယာဉ် မရှိတော့ မြို့တက်ဆေးကုဖို့ခက်တော့ လူ့အသက်တွေ မလိုလားရဘဲဆုံးရှုံး၊ စီးပွားရေးတွေကျ ပိုမိုကျပ်တည်းလာ စတဲ့အဆိုးကျော့သံသရာထဲမှာ ကျရောက်နေတဲ့ ပြည်သူတွေကတော့ အားကိုးရာမဲ့နေဆဲပါပဲ။