ပုလော နတ်အိမ်တောင်ရွာတွင် တိုက်ပွဲဖြစ်

0
932

ပုလောမြို့နယ် အရှေ့ခြမ်းရှိ နတ်အိမ်တောင်ကျေးရွာတွင် ယနေ့ (ဇူလိုင် ၁၀) နေ့လယ်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

ပုလောကုန်းကျေးရွာအုပ်စု၊ နတ်အိမ်တောင်သို့ ဇူလိုင် ၉ ရက်နေ့က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ညဦးကတည်းက ပစ်ကြတာ။ ဒီမနက် ၁၂ နာရီလောက်မှ နားသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ပုလောမြို့ရှိ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ကြောင်း ဒေသခံများက ပြောပြသည်။

တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ဒေသခံများက ဆိုသည်။

နတ်အိမ်တောင်ကျေးရွာသည် ပုလောကုန်းကျေးရွာနှင့် တဆက်တစပ်တည်း တည်ရှိသည့် ကျေးရွာဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးအပတ်ကလည်း ပုလောအရှေ့ခြမ်းရှိ နန်းတောင်ကျေးရွာအုပ်စု၊ မှော်မိ၊ ဂျင့်ဂါ၊ ကျောင်းနိမ့် စသည့် ကျေးရွာများတွင် လေးရက်ဆက်တိုက် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ပုလောအရှေ့ခြမ်း ကျေးရွာအုပ်စုများဖြစ်ကြသည့် နန်းတောင်၊ ပုလောကုန်းနှင့် ရှမ်းဒွတ်တို့တွင် စစ်ကောင်စီတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲမကြာခဏဖြစ်လေ့ရှိပြီး ဒေသခံများလည်း ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။