ဝေဒီရွာတွင် သေနတ်ကျည်ဆန်ထိ၍ မိန်းကလေးငယ်တစ်ဦးသေဆုံး

0
828

လောင်းလုံးမြို့နယ် ဝေဒီရွာတွင် ဇူလိုင် ၉ ရက် ယမန်နေ့ညက သေနတ်ကျည်ဆန် ထိမှန်၍ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။

ယင်းနေ့ည ၁၁ နာရီခန့်က ဝေဒီကျေးရွာသား အသက်လေးဆယ်ကျော် အရွယ်ရှိ ဦးကျော်ဟိန်းကို လက်နက်ကိုင်လူတစ်စုက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ရာ ယင်းအမျိုးသားမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ သို့သော်ဇနီးဖြစ်သူ ဒေါ်ဖြူသန်းမှာ ခြေထောက်ကို ကျည်ဆန်ထိမှန်ခဲ့ပြီး တူမဖြစ်သူ မငုဝါနိုးမှာ တင်ပါး(ခါးအနီး)တွင် ကျည်ဆန်ထိမှန်ရာမှ သွေးထွက်လွန်ကာ သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“သေနတ်သံက ကျွန်တော်နိုးလာတော့ လေးငါးချက်လောက်ကြားရတယ် “ဟု ၎င်းကပြောသည်။

ဖြစ်စဉ်မှာ ရှုပ်ထွေးသည့် အခြေအနေတွင် ရှိနေပြီး ယင်းပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ခုက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ-လောင်းလုံး)နှင့် ဒီမိုကရေစီရေးလှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)တို့၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

သေဆုံးသူ မငုဝါစိုးမှာ ဦးမိုးဇော်နှင့်မဝါတို့၏ သမီးဖြစ်ပြီး သားသမီးအရင်းခံမရှိသည့် အဒေါ်ဖြစ်သူ ဒေါ်ဖြူသန်း၏နေအိမ်သို့ ရောက်ရှိနေစဉ် ပစ်ခံရ၍သေဆုံးခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒလန်ဟုဆိုကာ သွားရောက်ရှင်းလင်းခဲ့သော ဦးကျော်ဟိန်းမှာ ဝေဒီကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုး ဦကျော်အောင်၏ညီဖြစ်ပြီး ဦးကျော်ဟိန်းမှာ သေဆုံးသူ ကလေး၏ဖခင် ဦးမိုးဇော်၏ ယောက်ဖဖြစ်သည်။

ဦးမိုးဇော်တို့ လင်မယားနှစ်ယောက်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင်များ၏ အန္တရာယ်ပေးမှုကြောင့် တိမ်းရှောင်နေရသူများဖြစ်ကြောင်း အခြားဒေသခံတစ်ဦးကပြောသည်။

“သူ့အဖေ(ဦးမိုးဇော်)က ရွေးကောက်ပွဲကာလတွေမှာ NLD ဘက်က ဦးဆောင်သူပေါ့နော် သူ့သမီးသေတဲ့ အချိန်ရွာမှာမရှိကြဘူး”ဟု ၎င်းကပြောသည်။

အာဏာသိမ်းပြီးနောက် ဝေဒီကျေးရွာသည် အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများ အားကောင်းခဲ့ပြီး နောက်ပိုင်းတွင် စစ်ကောင်စီထောက်ခံ အားပေးသူများ၏သတင်းပေးမှုကြောင့် လူငယ်များ ရွာတွင်မနေရဲဘဲ ရှောင်ပြေးနေကြရကြောင်း ဒေသခံများကဆိုသည်။

သို့သော် ဦးကျော်ဟိန်းမှာ ဒလန်ဟုတ်မဟုတ်ကိုမူ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ရာတွင် မငုဝါစိုးသေဆုံးမှုနှင့် ပတ်သတ်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက်  ပြည်သူကာကွယ်ရေး အဖွဲ့များနှင် ဆက်သွယ်ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဖက်က  အဆိုပါကိစ္စနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ပေးမည်ဖြစ်ပြီး ပြည်သူများ အထက်ပါဖြစ်စဉ်အားသိရှိနိုင်ရေးနှင့် တာဝန်ယူတာဝန်ခံမှုအပြည့်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဇူလိုင်လ ၁၀ ရက် နေ့လယ် ၂ နာရီကျော် အချိန်အထိ ယင်းဖြစ်စဉ်နှင့် ပတ်သက်သည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၏ ထုတ်ပြန်ရှင်းလင်းချက် မထွက်ရှိသေးပေ။

အလားတူ မေလ ၁၁ ရက်နေ့က သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာထဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်ပစ်ခတ်ခဲ့သဖြင့် အိမ်အပေါ်ထပ်တွင်ရှိနေသည့် အသက် ၉ နှစ်အရွယ် ယောက်ျားကလေးတစ်ဦး၏ ဘယ်ဘက်ခြေထောက်ကို သေနတ်ထိမှန်ခဲ့ဖူးသည်။

ယင်းနေ့ နံနက်ပိုင်းတွင် အင်အား ၁၀၀ ခန့်ရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်က ပဲဒက်ကျေးရွာကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးတွင် စခန်းချနေထိုင်သည့် ပျူစောထီးအဖွဲ့ကို ဝင်ရောက်ရှာဖွေသည့် ဖြစ်စဉ်တွင် ကလေးငယ်ကို ကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများ၏ အဆိုအရသိရသည်။