ထိုင်း ခရိုင်နှစ်ခုတွင် တရားမဝင်ဝင်ရောက်လာသော မြန်မာလုပ်သား ၈၀ကျော် အဖမ်းခံရ

0
487

ထိုင်းနိုင်ငံ တာခ့်နှင့် ချင်းရိုင်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၈၁ ဦးကို ဇူလိုင်လ ၆ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း နယ်စပ်ထောက်လှမ်းရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

တာခ့်ခရိုင် ထာ့ဆောင်ယန်ဒေသရှိ လမ်းမပေါ်တွင် ကားနှစ်စီးကို မသင်္ကာသဖြင့် ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၂၅ ဦးကို ဇူလိုင်လ ၆ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးရမိကြောင်း အမှတ် (၃၅) ထိုင်းထောက်လှမ်းရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မြန်မာအလုပ်သမား အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၇ ဦးတို့ ပါဝင်ပြီး ထိုင်းနိုင်ငံသား ပွဲစား ၃ဦးကိုပါ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အများစုမှာ ကရင်ပြည်နယ် ဘားအံမြို့နယ်မှ ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းရှိ စမူပရာကန်၊ ချွန်ဘူရီ နှင့် ပထုန်ဌာနီခရိုင်များတွင် အလုပ်လုပ်ကိုင်ရန် ဝင်ရောက်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထိုင်းပွဲစားများကို စစ်ဆေးချက်အရ မြန်မာအလုပ်သမားတစ်ဦးကို ဘတ် ၁၀၀၀ ယူကာ တာခ့်ခရိုင် ထာ့ဆောင်ယမ်ဒေသမှတစ်ဆင့် ၎င်းနှင့် ထိစပ်နေသော ချင်းမိုင်ခရိုင် အုံးကွိုင်ဒေသသို့ ပို့ဆောင်ပေးရမည်ဖြစ်ဟု သိရကြောင်း ထုတ်ပြန်ထားသည်။

မြန်မာအလုပ်သမားများကမူ ကရင်ပြည်နယ်အတွင်း တိုက်ပွဲမျာဖြစ်ပွားနေမှုကြောင့် အလုပ်အကိုင် မရှိသဖြင့် ထိုင်းသို့ ဝင်ရောက်လာခြင်းဖြစ်ကာ တစ်ဦးလျှင် ဘတ် ၂၀၀၀၀ မှ ၂၅၀၀၀ အထိ ပေးရမည်ဖြစ်ကြောင်း ထွက်ဆိုသည်ဟုလည်း ဖော်ပြထားသည်။

ယင်းနေ့တွင်ပင် ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင် မယ်ဆိုင်ဒေသတွင် တာချီလိတ်ဘက်မှ တရားမဝင် ဝင်ရောက် လာသော ကလေး ၈ ဦးအပါအဝင် မြန်မာလုပ်သား ၅၆ ဦးနှင့်အတူ တရုတ်နိုင်ငံသား ၂ ဦးကို ဖမ်းဆီးရမိကြောင်း ဖမူအ်ထောက်လှမ်းရေးတပ်ဖွဲ့ (Pha Muang Forces) က ထုတ်ပြန်ထားသည်။

မယ်ဆိုင်ဒေသရှိ ငှားထားသော နေအိမ်တစ်လုံးတွင် ခေတ္တပုန်းခိုနေစဉ်တွင် ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူများတွင် ကလေးငယ် ၈ ဦး၊ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၂၀ ဦးတို့ပါဝင်ကြကာ တရုတ်နိုင်ငံသား နှစ်ဦးနှင့် ထိုင်းပွဲစား ၁ ဦးကိုပါ ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ထားသည်။

မြန်မာလုပ်သားများကို စစ်ဆေးရာတွင် ၎င်းတို့သည် တောင်ကြီး၊ လားရှိုး၊ မြစ်ကြီးနားမှလာကြကာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် တစ်ဦးလျှင် ဘတ် ၂၆၀၀၀ စီ ပေးချေရမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့သို့ ဆိုသည်။

ဖမ်းဆီးခံရသော တရားမဝင် မြန်မာလုပ်သားများ၊တရုတ်နိုင်ငံသားများနှင့် ထိုင်းနိုင်ငံသား ပွဲစားများကို ထိုင်းဥပဒေအရ အရေးယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွင်း မငြိမ်မသက်မှုများစွာနှင့်အတူ အလုပ်အကိုင်ရှားပါးမှုကြောင့် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုမြင့်တက်လျက်ရှိနေရာ ပြီးခဲ့သော ဇွန်လအတွင်း ဖမ်းဆီးခံရသူဦီးရေ ၁၀၀၀ ကျော်ရှိကြောင်း ပညာရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ၏ စာရင်းများအရသိရသည်။

သို့သော်လည်း ထိုစာရင်းသည် အဆက်အသွယ်ရရှိထားသော စာရင်းသာဖြစ်ရာ တကယ့်မြေပြင်အခြေအနေတွင် ၎င်းထက် ပိုမိုများနိုင်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းမင်းဦးက ပြောသည်။

Ref: หน่วยเฉพาะกิจกรมทหารพรานที่35, MGR ONLINE