ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရ

0
314

ဂျပန်နိုင်ငံ နာရာမြို့ အခမ်းအနားတစ်ခုတွင် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရ သဖြင့် လဲကျသွားခဲ့ကြောင်း နောက်ဆုံးရသတင်းများက ဖော်ပြထားသည်။

မစ္စတာအာဘေးကို သေနတ်ဖြင့် နှစ်ချက်ပစ်ခဲ့ပြီး ၎င်းသည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကြောင်း ၊ ၎င်းကို ပစ်ခတ်လုပ်ကြံသူကို ဖမ်းဆီးထားပြီး ဖြစ်ကြောင်း သတင်းများအရ သိရသည်။

မစ္စတာအာဘေးသည် နှလုံးရပ်မည့် အနေအထားကြုံနေရကြောင်း တိုကျိုမြို့တော်ဝန်ဟောင်း ယိုချီမာဆူဇိုး က Twitter တွင် တင်ထားသည်။ အဆိုပါ အသုံးအနူန်းမှာ သေလုမျောပါးဖြစ်နေသည့် အနေအထားကို ဆိုလိုခြင်း ဖြစ်သည်။

ထွက်ပေါ်လာသော ဗီဒီယိုများအရ ဆေးဝါးကုသရေးဝန်ထမ်းများက လမ်းမတွင် လဲနေသည့် မစ္စတာအာဘေးကို ပွေ့ထားသည့် ရုပ်ပုံများ တွေ့မြင်ရသည်။ ယခုအခါ ရှင်ဇိုအာဘေး ဆေးရုံသို့ ရောက်နေပြီဖြစ်သည်။

နာရာမြို့ရှိ ကိုယ်စားလှယ်လောင်း တစ်ဦးအတွက် မစ္စတာအာဘေးက မိန့်ခွန်းပြောပေးနေစဉ် လုပ်ကြံခံရခြင်း ဖြစ်သည်ဟု မျက်မြင်သက်သေတစ်ဦးက BBC ကိုပြောကြားသည်။

ပထမအချက်က လွဲသွားခဲ့ပြီး ဒုတိယအချက်က မစ္စတာအာဘေး၏ နောက်ကျောကို ထိမှန်ခဲ့ခြင်း ဖြစ်ကာ လဲကျသွားခဲ့သည်။

သေနတ်ဖြင့် ပစ်ခတ်သူသည် ထွက်မပြေးခဲ့ဘဲ ၎င်းကို လုံခြုံရေးများက ဖမ်းဆီးလိုက်သည်။