တနင်္သာရီတွင် ကမ္ဘောဇ လုပ်ခွင့်ရထားသည့် မြေဧကနှစ်သောင်းကျော် စစ်ကောင်စီပြန်သိမ်း

0
255
Photo - www.kbzsc.com

တနင်္သာရီမြို့နယ်တွင် ကမ္ဘောဇဘဏ်လုပ်ငန်းရှင် ဦးအောင်ကိုဝင်း၏ဇနီး ဒေါ်နန်းသန်းထွေးအမည်ဖြင့် လုပ်ပိုင်ခွင့် ရရှိထားသည့် မြေဧက နှစ်သောင်းကျော်ကို စစ်ကောင်စီက ပြန်လည်သိမ်းဆည်းလိုက်သည်။

ယင်းမြေများသည် စစ်အစိုးရလက်ထက် ၂၀၀၉ခုနှစ်နှင့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ခုနှစ်တို့တွင် ခွင့်ပြုပေးထားသည့် မြေများဖြစ်သည်။

ဆီအုန်းစိုက်ပျိုးရေးအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧက ၂၅,၉၁၅ ကို ခွင့်ပြုထားခြင်းဖြစ်ပြီး သတ်မှတ်ကာလ လေးနှစ်အတွင်း ဧက လေးထောင်ကျော်ကိုသာ ဖော်ထုတ်စိုက်ပျိုးနိုင်ခဲ့ကာ ၂၁၃၁၀ ဒသမ ၅၄ ကို အကောင်အထည် ဖော်နိုင်ခြင်း မရှိခဲ့ကြောင်း စစ်ကောင်စီ၏ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီက အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည်။

မေလ ၁၁ ရက်နေ့တွင် ပြန်လည်သိမ်းဆည်းလိုက်ခြင်းဖြစ်ပြီး အာမခံကြေးပေးသွင်းထားသည့် ငွေများကိုပါ နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းလိုက်ကြောင်း ယင်းကော်မတီက မေလ ၁၈ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ထားသည်။

ယင်းအမိန့်ကြော်ငြာစာကို နိုင်ငံတော်ပြန်တမ်းတွင် ဇူလိုင်လ ၁ ရက်နေ့ နိုင်ငံတော်ပြန်တမ်းတွင် ဖော်ပြပြီးနောက် အင်တာနက်လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့လာခြင်းဖြစ်သည်။

ဒေါ်နန်းသန်းထွေး ရွှေကမ္ဘောဇကုမ္ပဏီအမည်ဖြင့် လုပ်ပိုင်ခွင့်ရထားသည့် အထက်ပါမြေများသည် တနင်္သာရီမြို့နယ် သိန်ခွန်း၊ တမုတ်ချုံးကျေးရွာအုပ်စုတို့ရှိ မြေများဖြစ်သည်။

သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော် စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိသည့် မြေဧက ၅၆,၀၀၀ ကျော်ကို မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီက ပြန်လည်သိမ်းဆည်းခဲ့ကြောင်း စစ်ကောင်စီသတင်းဌာန MRTV-4 တွင် ဇူလိုင်လ ၇ ရက်နေ့လယ်ပိုင်းက ကြေညာခဲ့သည်။