ကမြောကင်းတံတားစစ်ဆေးရေးဂိတ်တွင် လတ်တလောဆိုင်ကယ်စီးသွားလာခွင့်ရနေဟုဆို

0
408
ထားဝယ်မြို့အဝင် ကမြောကင်းတံတားအားတွေ့ရစဉ်

အာဏာသိမ်းပြီးနောက် စစ်ဆေးမှုတင်းကျပ်လေ့ရှိသည့် ထားဝယ်မြို့နှင့် လောင်းလုံးမြို့ကို ချိတ်ဆက်ထားသော ကမြောကင်းတံတားဂိတ်တွင် ဆိုင်ကယ်တွန်းသွားရန် မလိုတော့ဘဲ လတ်တလောတွင် သွားလာခွင့်ရရှိနေကြောင်း ဒေသခံခရီးသွားပြည်သူများထံမှ သိရသည်။

ယမန်နှစ် ဩဂုတ်လမှစတင်၍ ထားဝယ်ခရိုင်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် မော်တော်ယာဉ်များကို ရပ်တန့် စေကာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ ကိုဗစ်ကာကွယ်ဆေးထိုးပြီးလက်မှတ်၊ မော်တော်ယာဉ်လိုင်စင် စသည်တို့ကို တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

ထို့နောက် နိုဝင်ဘာလမှစတင်၍ ပိုမိုတင်းကျပ်လာကာ ခရီးသွားပြည်သူများ ယင်းစစ်ဆေးရေးဂိတ်များကို ဖြတ်သန်း သွားလာပါက ဆိုင်ကယ်စီးနင်းခွင့် မပေးတော့ဘဲ ယာဉ်ပေါ်ကဆင်းကာ လမ်းဆင်းလျှောက်စေကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ လကုန်လောက်ကတင်စကာ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများ ယာဉ်ပေါ်က ဆင်းရန် မလိုတော့ဘဲ စီး၍သွားလာခွင့်ရနေကြောင်း ဒေသခံများကို မေးမြန်းချက်အရ သိရသည်။

ဂိတ်တွင် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရှိသော်လည်း ယခင်ကဲ့သို့ ခေါ်ယူစစ်ဆေးခြင်းမျိုး မတွေ့ရတော့ကြောင်းလည်း ၎င်းတို့ထံမှ သိရသည်။

“ဘယ်ရီဂိတ်ကတော့ ချထားသေးတယ်။ နားလည်မှုနဲ့ ဖြေလျှော့ပေးထားတယ်လို့ပဲ ထင်တယ်” ဟု ခရီးသွားဒေသခံ တစ်ဦးက ပြောသည်။

ယခင်က ကမြောကင်းတံတားစစ်ဆေးရေး ဂိတ်တွင် စစ်ဆေးဖမ်းဆီးမှုများပြီး ငွေကြေးတောင်းခံသည်ဟုလည်း နာမည်ထွက်ကြောင်း ခရီးသွား‌ဒေသခံအချို့ကပြောသည်။

ယင်းကဲ့သို့ အစစ်အဆေးတင်းကျပ်မှုကို ဖြေလျှော့ထားခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာက ထုတ်ပြန်ကြေညာခြင်းမျိုး မတွေ့ရသေးပေ။ ထို့ကြောင့် မည်သည့်အချိန်အထိ ယခုကဲ့သို့ သွားလာခွင့်ရမည်ကို မသိရကြောင်း ဒေသခံတို့က ဆိုသည်။  

ကမြောကင်းတံတားနည်းတူ အိမ်ရှေ့ပြင်ဂိတ်တွင်လည်း မော်တော်ဆိုင်ကယ်များဖြင့် စီးနင်းဖြတ်သန်းခွင့် ပြန်ရနေပြီး ထားဝယ် အရှေ့တောဖက် ဖြတ်သန်းသွားလာသည့် ဗျောတောဝဂိတ် နှင့် ထားဝယ်မှ သရက်ချောင်းဘက်ကို ဖြတ်သန်း သွားလာသည့် ပေါက်တိုင်းတံတားဂိတ်များတွင်မူ ဆိုင်ကယ်စီးနင်း ဖြတ်သန်းခွင့် မရှိသေးပေ။

တနင်္သာရီတိုင်းထဲတွင် မလွဲတောင်ဂိတ်မှ ကော့သောင်းမြို့အထိ စစ်ကောင်စီတပ်၏စစ်ဆေးရေးယာယီဂိတ် အနည်းဆုံး ၄၀ ခန့်အထိ ရှိကြောင်း Southern Monitor က ပြုစုထားသည့် အချက်အလက်များအရသိရသည်။

တိုက်ပွဲဖြစ်ပွားရာဒေသ အသီးသီးသို့ ဆယ်သွယ်ထားသော ယာယီဂိတ်များမှာ ပို၍လုံခြုံရေးတင်းကျပ်ပြီး မှတ်ပုံတင် အကြောင်းပြ ငွေကြေတောင်းခံတာအပြင် ရိက္ခာနှင့် ဆေးဝါးသယ်ယူခွင့် ကန့်သတ်ခြင်းများကို ပို‌မိုလုပ်ဆောင်လျှက် ရှိသောကြောင့် ဒေသတွင်းမှာ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် ဆေးဝါးအခက်အခဲများ ကြုံတွေ့နေရကြောင်း Southern Monitor က ထုတ်ပြန်ထားသည်။