ဘီးလင်း NLDပါတီဥက္ကဋ္ဌ၏ ရုပ်အလောင်းပြန်တွေ့

0
281
U-Kyaw-Myo-Min
ပုံစာ - ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်း

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်း၏ ရုပ်အလောင်းကို ယနေ့ (ဇူလိုင် ၆) ပြန်တွေ့ကြောင်း ၎င်းနှင့် နီးစပ်သူတို့ထံမှ သိရသည်။

ဦးကျော်မျိုးမင်းသည် ပါတီဝင် ဦးပန်းမြင့်၊ ဦးကိုကိုမောင်၊ ရွာသားတစ်ဦးတို့နှင့်အတူ ဇွန်လ ၂၂ ရက်နေ့တွင် သွားလာနေစဉ် လယ်ကတဲကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် တွေ့ပြီး ပစ်ခတ်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ရွာသားတစ်ဦးမှာ ယင်းနေရာတွင်ပင် သေဆုံးသွားပြီး ဦးကျော်မျိုးမင်းနှင့် ပါတီဝင်နှစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။

ဖမ်းဆီးခံရပြီး ၁၀ ရက်အကြာ ဇူလိုင် ၂ ရက်နေ့တွင် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့နှစ်ဦး သတ်ဖြတ်မြှုပ်နှံခံထားရသည်ကို ဘီးလင်းမြို့နယ် ကြိုးဝိုင်းကျေးရွာအနီးတွင် ပြန်လည်တွေ့ရှိခဲ့သည်။

ဦးကျော်မျိုးမင်း အလောင်းကိုတော့ ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့နှစ်ဦး၏ ရုပ်အလောင်း တွေ့သည့် နေရာအနီးတဝိုက်တွင် ဇူလိုင်လ ၆ ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူ တစ်ဦးက ပြောသည်။

“ဦးကျော်မျိုးမင်းရဲ့ အလောင်းကို ဒီနေ့ ပြန်တွေ့တယ်။ ဦးပန်းမြင့်၊ ဦးကိုကိုမောင်တို့ အလောင်းတွေ့တဲ့နေရာ အနီးတဝိုက်မှာပဲ တွေ့တယ်” ဟု ၎င်းက ပြောဆိုသည်။

ဘီးလင်းမြို့နယ် NLD ဥက္ကဋ္ဌ ဦးကျော်မျိုးမင်းသည် စစ်တပ်အာဏာသိမ်းပြီးနောက် အမှုဖွင့်ခံထားရကာ ထွက်ပြေးတိမ်းရှောင်နေရသူဖြစ်သည်။

ဦးကျော်မျိုးမင်းသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိထားသူလည်း ဖြစ်သည်။