သဲစုပ်လှေများ သုံးရက်အတွင်း ထွက်ခွာပေးရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သတိပေး

0
617

တနင်္သာရီမြို့နယ်၊ လယ်သစ်မြစ်အတွင်း သဲ၊ ကျောက်စုပ်ယူနေသည့် လှေများ သုံးရက်အတွင်း ထွက်ခွာပေးရန် တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ (ဇွန် ၂၀) သတိပေးချက်ထုတ်ပြန်လိုက်သည်။

လယ်သစ်ကျေးရွာအုပ်စု၊ မြေပြားရွာ ကြွေးချောင်းသောင်မှ လယ်သစ်မြစ်ဝအထိ သဲ၊ ကျောက် စုပ်ယူနေကြသည့် လှေများအား နယ်မြေလုံခြုံရေးအရ ယခုထုတ်ပြန်သည့်နေ့မှစ၍ ၃ ရက်အတွင်း ယင်းဧရိယာမှ ထွက်ခွာပေးရန် သတိပေးတားမြစ်လိုက်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

လိုက်နာခြင်းမရှိပါက နယ်မြေလုံခြုံရေးအဖွဲ့များက လိုအပ်သလို ဆက်လက်အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှာ NUG က ဖွဲ့စည်းထားခြင်းဖြစ်သည်။

မြေပြားဒေသပတ်ဝန်းကျင်တွင် နှစ်ဖက်တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်များ စစ်ရေးလှုပ်ရှားမှု မကြာခဏပြုလုပ်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

လယ်သစ်မြစ်အတွင်းရှိ ကြွေးချောင်းသောင်တွင် ကျောက်သဲစုပ်ယူနေကြသည့်လှေ တစ်နေ့လျှင် ငါးစီးခန့်သာရှိပြီး ပဝကျေးရွာအုပ်စု၊ ကျွန်းရှည်ဖက်တွင် စုပ်ယူနေသည့်လှေ ပိုများကြောင်း သဲ၊ကျောက်စုပ်လုပ်ငန်းရှင်များ ကပြောသည်။

“မြေပြားဖက်မှာ ပိတ်လိုက်ရင်လည်း ဒီဖက် (ပဝကျေးရွာ) ဖက်မှာ စုပ်လို့ရတာပဲ။ ပြဿနာက သိပ်မရှိဘူး” ဟု ယင်းဒေသအတွင်း သဲစုပ်လှေလုပ်ငန်းလုပ်ကိုင်သူအမျိုးသားတစ်ဦးက ပြောသည်။

ပဝကျေးရွာအုပ်စုတွင် ယခင်နှစ်အစက တိုက်ပွဲဖြစ်ခဲ့ပြီး လက်ရှိအချိန်တွင် ငြိမ်သက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပဝကျေးရွာအုပ်စုဖက်တွင် လက်ရှိတစ်နေ့လျှင် ကျောက်၊ သဲစုပ်ယူနေသည့်လှေ ၁၀ စီး ဝန်းကျင်ရှိပြီး တနင်္သာရီမြစ် အတွင်းတွင် စုစုပေါင်း လှေအစီးရေ လေးဆယ်ဝန်းကျင် လုပ်ကိုင်နေကြကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

လယ်သစ်ကျေးရွာအုပ်စုသည် တနင်္သာရီမြစ်လက်တက်အတွင်းရှိသည်။ ပဝကျေးရွာအုပ်စုသည် တနင်္သာရီမြစ်မကြီးတွင် ရွာတည်ရှိပြီး လယ်သစ်ရွာမှ လှေဖြင့် တစ်နာရီကျော် ခုတ်မောင်းရသည်။