ရေဖြူမြို့နယ်ပညာရေးမှူးရုံးဝင်းထဲတွင် ဗုံးပေါက်

0
1180

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ပညာရေးမှူးရုံးဝင်းထဲတွင် ဇွန်လ ၁၉ ရက်ည ၉ နာရီခွဲခန့်တွင် ဗုံးပေါက်ကွဲကြောင်း အဆိုပါမြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရုံးအဆောက်အအုံ အနောက်ဘက် ခုနစ်ပေခန့်အကွာရှိ အမျိုးသားအိမ်သာနှင့် မိလ္လာကန်ကြားတွင် ပေါက်ကွဲခြင်း ဖြစ်သဖြင့် မိလ္လာကန် ၁ ပေပတ်လည်ခန့် ပေါက်ကွဲပျက်စီးကြောင်း ၎င်းက ဆိုသည်။

သို့သော် ရုံးအဆောက်အအုံ ထိခိုက်ပျက်စီးခြင်း၊ လူထိခိုက်ခြင်း မရှိခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောဆိုသည်။

“ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဘာမှ ထွေထွေထူးထူး ပြောစရာမရှိပါဘူး။ သူတို့ခံယူချက်နဲ့ သူတို့လုပ်တာဆိုတော့လေ။ အဓိကတော့ ဒီပညာသင်ကြားနေတဲ့ ကလေးတွေအပေါ်မှာတော့ ထိခိုက်အောင်တော့ မလုပ်စေချင်ဘူးပေါ့ဗျာ” ၎င်းက ပြောသည်။

အဆိုပါ ဗုံးဖောက်ခွဲမှုကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် လုပ်ဆောင်ခဲ့သည်ကို အတည်မပြုနိုင်သေးပေ။

ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ကလည်း ရေဖြူမြို့နယ် အထက်တန်းကျောင်းစာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ရောက်ရှိနေစဉ် နံနက် ၈နာရီ ၄၅ မိနစ်တွင် ကျောင်းခြံဝင်းအတွင်း အသံဗုံးပေါက်ကွဲခဲ့သေးသည်။