သရက်ချောင်း ကနက်သီရိရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဟောင်း ပစ်သတ်ခံရ

0
448
U-Naing-Moe

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာတွင် ယနေ့ (ဇွန် ၂၀) ည ၇ နာရီခွဲခန့်က စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးမှူးဟောင်း ဦးနိုင်မိုးဆိုသူ သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။

၎င်းသည် နေအိမ်တွင် ရှိနေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ကျည်လေးချက် ထိမှန်ထားသည်ကို တွေ့ရကြောင်း ၎င်းတို့က ဆိုသည်။

ဦးနိုင်မိုးမှာ စစ်တပ်၊ ရဲတို့နှင့် ပေါင်းကာ ကျေးရွာတွင်းရှိ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်သူများ နှင့် NLD ပါတီဝင်များကို ဖမ်းဆီးရန် သတင်းပေးခဲ့သူဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

၎င်း၏ သတင်းပေးမှုကြောင့် ဒေသခံများ ဖမ်းဆီးခံခဲ့ရပြီး အချို့မှာ ငွေကြေးပေးပြီးမှ ပြန်လည်လွတ်မြောက်လာကြောင်း ကနက်သီရိကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဦးနိုင်မိုးကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဧပြီလတွင် ကျေးရွာအုပ်ချုပ်ရေးမှူးခန့်အပ်ခဲ့ပြီး အောက်တိုဘာလဆန်း ပိုင်းတွင် ယင်းရာထူးပြန်လည်ရုပ်သိမ်းခဲ့သည်ဟု ကြားသိရကြောင်း ဒေသခံချို့ထံမှ သိရသည်။

သို့သော် မည်သည့်အကြောင်းအရင်းကြောင့် ရုပ်သိမ်းခံရသည်ကိုမူ သေသေချာချာ မသိရကြောင်း ၎င်းတို့က ဆိုသည်။

ဦးနိုင်မိုးကို ပြီးခဲ့သည့်နှစ် ဩဂုတ်လ ၃၀ ရက်ညက တော်လှန်ရေးအင်အားစု PDF အဖွဲ့တစ်ဖွဲ့က လာရောက် ပစ်ခတ်ရှင်းလင်းခဲ့သော်လည်း ၎င်းမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။

ယင်းဖြစ်ရပ်တွင် ကျေးရွာရှိ ပျူစောထီးအဖွဲ့ (ခေါ်) ပြည်သူ့စစ်အဖွဲ့နှင့် PDF တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ကျေးရွာက အသက် ၃၀ ကျော်အရွယ်နှင့် အသက် ၄၀ ကျော်အရွယ် အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။

ဦးနိုင်မိုး သတင်းပေးဒလန်လုပ်သည်ဆိုသည်ဟု ဒေသခံအချို့၏ ပြောဆိုချက်နှင့် ၎င်းကို မည်သည့်အဖွဲ့က မည်သည့် အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်တို့ကို Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။