ပုလောတွင် ကျေးရွာများအတွင်း လက်နက်ကြီးကျည်ကျသဖြင့် ရွာသားများ ထွက်ပြေးရ

0
412

မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း ယနေ့ (မေ ၂၆) လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲနေသည့်အတွက် ရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ (မေ ၂၆) နံနက် ၁၀ နာရီဝန်းကျင်မှ စတင်ကာ ပုလောကုန်းကျေးရွာအုပ်စု၊ ဝက်တိုးကျေးရွာ အနီးတွင် စစ်ကောင်စီတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ရွာအတွင်းသို့ ကျရောက်သဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ပုလောကုန်းကျေးရွာအုပ်စု၊ ဂျက်ဂါရွာနေ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အိမ်တွေပေါ် လက်နက်ကြီးတွေ ကျလာလို့ အကုန်ထွက်ပြေးကြတာ။ ဗြောင်းဗြောင်းညံပဲ” ဟု ဘေးလွတ်ရာ တောထဲထွက်ပြေးနေရသည့် အသက် ၆၀ ကျော်အရွယ် ဂျက်ဂါရွာသားတစ်ဦးက ပြောသည်။

ပုလောမြို့ဖက်ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သလို နန်းတောင်ရွာရှိ စစ်ကောင်စီတပ်ဖက်ကလည်း ပစ်ခတ်သည့်အတွက် ဂျက်ဂါ၊ ကျောင်းနိမ့်၊ ဝက်တိုး၊ မော်မိ စသည့်ရွာများသို့ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲသဖြင့် ထွက်ပြေးနေရကြောင်း ဒေသခံများက ဆိုသည်။

“လက်နက်ကြီးကျည်တွေက ပုလောကုန်းဖက်မရောက်ဘဲ ကျောင်းနိမ်နဲ့ ဂျက်ဂါရွာထဲပဲ လာကျနေတယ်” ဟု ဂျက်ဂါရွာသားက ပြောသည်။

နံက် ၁၀ နာရီဝန်းကျင်မှ ညနေ ၄ နာရီဝန်းကျင်အထိ လက်နက်ကြီး အချက်လေးဆယ်ဝန်းကျင်ခန့် ပစ်ခတ်သံကြားရကြောင်း ထွက်ပြေးခဲ့ရသည့် ဒေသခံတို့က ဆိုသည်။

ဝက်တိုးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ် အပါအဝင် မဟာမိတ်တပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် (PPDF) က ယနေ့ ညနေ ၆ နာရီခွဲတွင် ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက် ပုလော စစ်ကောင်စီ (၂၈၅) တပ်ရင်းက လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်းနှင့် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးကာ ၎င်းတို့၏ ပူးပေါင်းတပ်များဘက်က အထိအခိုက် မရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပုလောကုန်းကျေးရွာအုပ်စုတွင် ပြီးခဲ့သည့် မတ်လကစပြီး ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိသည်။