လောင်းလုံးမြို့အဝင်တွင် စစ်ကောင်စီတပ်ကား ပစ်ခတ်တိုက်ခိုက်ခံရ

0
755

လောင်းလုံးမြို့အဝင် အုန်းသီးပုံဆိုင်းဘုတ်အနီး၌ စစ်ကောင်စီတပ်ကားကို ယနေ့ (မေ ၂၇) နံနက်ပိုင်းတွင် PDF အဖွဲ့က ပစ်ခတ်တိုက်ခိုက်သဖြင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

သဗျာကျေးရွာ အုန်းသီးပုံ WELCOME TO LAUNG LONE နှင့် မြို့ဝင်ဆိုင်းဘုတ်အနီးတွင် စစ်ကောင်စီတပ်ကားကို ပြည်သူ့ပန်းတိုင်ပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ကြောင်း ယင်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယနေ့ နံနက် ခြောက်နာရီခန့်က ယင်းနေရာအနီးသို့ ပုံမှန်စစ်ဆေးရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသောကား တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ကြိုတင်စောင့်ဆိုင်းနေပုံရတယ်။ သေနတ်သံကတော့ အချက် နှစ်ဆယ်လောက်ရှိလိမ့်မယ်” ဟု ယင်းဒေသခံက ပြောဆိုသည်။

ယင်းပစ်ခတ်မှုကြောင့် ကားဘီးပေါက်သွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးထက်မနည်း သေဆုံးသည်ဟု ပြည်သူ့ပန်းတိုင် ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သို့သော် စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုကို Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“ကားကတော့ နတ်ရေရတနာဘုန်းကြီးကျောင်းနားမှာ ထိုးရပ်သွားတယ်။ (စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ) လူတွေကိုတော့ နောက်တစ်စီးနဲ့ လာရောက်ခေါ်ဆောင်သွားတယ်” ဟု အခြား ဒေသခံတစ်ဦးက ပြောသည်။

ယခင်က ယင်းနေရာတွင် ခရီးသွားပြည်သူများကို အုပ်ချုပ်ရေးမှူးထောက်ခံစာ၊ ကိုဗစ်ဆေးထိုးလက်မှတ်များကို စစ်ဆေးလေ့ ရှိသည်။

သို့သော် အုန်းသီးပုံမြို့ဝင်ဆိုင်းဘုတ်အနီး သဗျာရွာ မူကြို ကျောင်းရှေ့တွင်ရှိသည့် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်နေ့က မိုင်းဖောက်ခွဲခံရပြီးနောက် စစ်ဆေးခြင်း မတွေ့ရတော့ကြောင်း ဒေသခံများထံမှ သိရသည်။  

ယင်းနောက် ပြီးခဲ့သည့် နှစ်ရက်ခန့်ကစပြီး မှတ်ပုံတင်၊ ကိုဗစ်ဆေးထိုးလက်မှတ်များကို အဆိုပါ ပစ်ခတ်မှုဖြစ်သော နေရာတွင် ပြန်လည်စစ်ဆေးလာသည် တွေ့ရှိလာကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ပြည်သူ့ပန်းတိုင်ပြောက်ကျားအဖွဲ့သည် မေလအတွင်း သကျက်တော ရဲစခန်းကို တိုက်ခိုက်ခြင်း၊ မူးယစ်ဆေးဝါး ဝင်ရောက်ဖမ်းဆီးတို့ကိုလည်း လုပ်ဆောင်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။