ဒူးရင်းသီးဈေး လေးဆနီးပါးကျဆင်း

0
864

မြိတ်ခရိုင်အတွင်းမှ ဒူးရင်းသီးများ လှိုင်လှိုင်ထွက်လာပြီးနောက် ဈေးနှုန်း လေးဆနီးပါး ကျဆင်းသွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ဒူးရင်းသီးစပေါ်ချိန် မတ်လတွင် အလုံးကြီးတစ်လုံး တစ်သောင်းခွဲမှ ကျပ်နှစ်သောင်းအထိ ရောင်းချခဲ့ရပြီး လက်ရှိအချိန်တွင် အမြင့်ဆုံးဈေး ကျပ်လေးထောင်၊ ငါးထောင်သာ ဈေးရတော့ကြောင်း ဒူးရင်းသီး ဝယ်ယူရောင်းချသူများက ပြောသည်။

အလားတူ ကျပ်ငါးထောင်မှ ခြောက်ထောင်အထိ ဈေးဖြင့် ရောင်းချခဲ့သည့် ဒူးရင်းသီး အငယ်တစ်လုံးလျှင် လည်း လက်ရှိတွင် တစ်လုံး ကျပ်တစ်ထောင်၊ နှစ်လုံး တစ်ထောင့်ငါးရာကျပ်သာ ဈေးရတော့ကြောင်း ဒူးရင်းသီးဝယ်ယူရောင်းချသူများက ဆိုသည်။

“နေရာအစုံက ထွက်လာရင် ဒီလိုပဲ ဈေးကျလိုက်လာတာ ထုံးစံပဲ” ဟု မြိတ်မြို့နေ ဒူးရင်းသီးရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ဒူးရင်းသီးများသည် မြိတ်ခရိုင်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိပြီး ကျွန်းစုမြို့နယ်မှလည်း အများအပြား ထွက်ရှိကြသည်။

ထွက်ရှိလာသည့် ဒူးရင်းသီးများသည် မတ်လမှ စတင်ပြီးဈေးကွက်အတွင်းရောက်ရှိကာ ဩဂုတ်လတွင် ရာသီကုန်သွားကြောင်း ခြံပိုင်ရှင်များထံမှ သိရသည်။

ဒူးရင်းသီးများကို မြိတ်ကမ်းနားလမ်း သင်္ဘောဆိပ်အနီးတစ်ဝိုက်နှင့် ဈေးများရပ်ကွက် လမ်းဆုံလမ်းခွများတွင်လည်း ရောင်းချနေကြသည်။

ဒူးရင်းသီး လှိုင်လှိုင်ထွက်ချိန်တွင် ဒေသခံများက ဝယ်ယူကာ ယိုအဖြစ်ပြုလုပ်ကြပြီး ထွက်ရှိသည့် အစေ့များကိုလည်း ဈေးကွက်အတွင်း ပြန်လည်ရောင်းချလျှက်ရှိသည်။

ဒူးရင်းသီးစပေါ်ချိန်က အစေ့တစ်ပိဿာ ကျပ်ခုနှစ်ထောင့်ငါးရာအထိ ဈေးပေါက်ခဲ့သော်လည်း လက်ရှိ အချိန်တွင် ကျပ်တစ်ထောင့်ငါးရာသာ ဈေးရတော့ကြောင်း ဒူးရင်းစေ့ဝယ်ယူရောင်းချသူများထံမှ သိရသည်။