မြိတ်သို့ပို့ဆောင်သည့် ကျောင်းသုံးစာအုပ်များ လမ်းခုလပ်တွင် မီးရှို့ခံရ

0
429

မြိတ်မြို့သို့ ပို့ဆောင်လိုက်သည့် ကျောင်းသုံးစာအုပ်များ ထားဝယ် – မြိတ် ကားလမ်းမတစ်နေရာတွင် မေလ ၂၄ ရက်က မီးရှို့ခံခဲ့ရကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။

ယင်းစာအုပ်များသည် ရန်ကုန်မှ မြိတ်မြို့သို့ တိုက်ရိုက်ပို့ဆောင်သည့် ကျောင်းသုံးစာအုပ်များဖြစ်ပြီး ထားဝယ်မြို့မှ မိုင် ၅၀ ခန့်အကွာ သရက်ချောင်းမြို့နယ် အောက်သရက်ချောင်းကျေးရွာအနီးတွင် မီးရှို့ခံရခြင်းဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကားပေါ်တင်ဆောင်လာသည့် ကျောင်းသုံးစာအုပ် ဆာလာအိတ် ၁၅၉၇ အိတ်အနက် ၄၉ အိတ်ကို PDF အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

ဒေသအတွင်းရှိ PDF အဖွဲ့တို့ဘက်ကမူ ယင်းကဲ့သို့ ကျောင်းသုံးစာအုပ်မီးရှို့ခံရသည့်ကိစ္စနှင့် ပတ်သတ်ပြီး မေလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်အချိန်အထိ တစ်စုံတစ်ရာ ထုတ်ပြန်သည်ကို မတွေ့ရသေးပေ။

“ကားသမားတွေကို မေးကြည့်တာကတော့ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိရဘူး။ အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့လို့ပဲ သိရတယ်” ဟု တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မီးရှို့ခံရပြီးနောက် နောက်ထပ်ပို့လိုက်သည့် ကျောင်းသုံးစာအုပ်များကိုမူ ထားဝယ်မြို့တွင်ပင် သိမ်းဆည်းထားကြောင်း ၎င်းတာဝန်ရှိသူက ပြောဆိုသည်။