တနင်္သာရီတိုင်းတွင် ရေကြီး၊ မြေပြိုခြင်းများဖြစ်နိုင်ကြောင်း မိုးဇလသတိပေး

0
638
မေလ ၂၁ ရက်က ထားဝယ် မောင်းမကန်သွားလမ်း တောရှည်ကျေးရွာတွင် လေပြင်းကြောင့် ဓာတ်မီးတိုင်လဲကျနေသည်ကိုတွေ့ရစဉ်

တနင်္သာရီနှင့် မွန်အပါအဝင် တိုင်းနှင့်ပြည်နယ် ခုနစ်ခုတွင် ရေကြီခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် သတိထားနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ (မေ ၂၂) သတိပေးချက် ထုတ်ပြန်ထားသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အတွင်း မုတ်သုံလေ အားအလွန်ကောင်းနေသဖြင့် မေ ၂၂ မှ မေလ ၂၆ ရက်အတွင်း မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။

မိုးကြီး၊ လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် ရေကြီး၊ မြေပြိုနိုင်သည့်နေရာများတွင် နေသူများ သတိထားနေထိုင်ကြရန် မိုးဇလက သတိပေးထားသည်။

ယင်းအပြင် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလှေများနှင့် လေကြောင်းခရီးစဉ်သွားမည့်သူများလည်း သတိထားကြရန် သတိပေးထားသည်။

ယခုအပတ်တွင်လည်း မွန်နှင့် တနင်္သာရီတွင် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပွားခဲ့သည်။

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းနယ်စပ် မလွှဲတောင်စစ်ဆေးရေးဂိတ်အနီး ရေးမြို့ ၁၉ မိုင် အဝေးပြေး လမ်းမပေါ်တွင် မေလ ၂၁ ရက် ရေကြီး၊ ရေလျှံခဲ့သဖြင့် ရန်ကုန်- ထားဝယ် ကားများ ဖြတ်သန်းမရ ဖြစ်ခဲ့သေးသည်။

တနင်္သာရီတိုင်းတွင်လည်း မိုးကြီး၊ လေပြင်းတိုက်ခတ်မူများကြောင့် ဓာတ်တိုင်များ သစ်ပင်များ လဲကျခဲ့သေးသည်။

လက်ရှိအခြေအနေတွင် တောတောင်နှင့် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသော စစ်ဘေးရှောင် များမှာ အမိုးအကာနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်လျှက်ရှိကြောင်း ၎င်းတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် ‌ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွားနေသည့် ထားဝယ်နှင့် မြိတ်ခရိုင်မှ ပြည်သူသောင်းဂဏန်းမှာလည်း‌ တောတောင်၊ ဘုန်းကြီးကျောင်းများနှင့် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသည်။