ထိုင်းထီ ဘတ်ခြောက်သန်းပေါက်သည့်အိမ် ဓားပြတိုက်ခံရ

0
954

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်က ထိုင်းထီပထမဆု ဘတ်ခြောက်သန်း (ကျပ်သိန်း ၃၀၀၀ ကျော်) ပေါက်သည့် နေအိမ် မေလ ၁၇ ရက်နေ့က ဓားပြတိုက်ခံရကြောင်း ဒေသခံအချို့ထံမှသိရသည်။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်က ဒေသခံတစ်ဦးသည် ဧပြီလ ၁ ရက်က ဖွင့်လှစ်သည့် ထိုင်းထီတွင် ပထမဆုပေါက်ခဲ့သည်။

အဆိုပါ ဒေသခံ၏ နေအိမ် ဓားပြတိုက်ခံရခြင်းဖြစ်ပြီး ရွှေနှင့် ငွေကြေး ကျပ်သိန်းတစ်ရာကျော် ပါသွားကြောင်း ၎င်းနှင့် တစ်ရွာတည်းနေသည့် ဒေသခံတစ်ဦးက ပြောသည်။

“မနက် ငါးနာရီလောက်မှာ လာတိုက်သွားတာ။ အိမ်နီးချင်းတွေတောင် ဘယ်သူမှ မသိလိုက်ကြဘူး။ သေနတ်တွေလည်း ပစ်ဖောက်သွားကြသေးတယ်” ဟု အဆိုပါဒေသခံတစ်ဦးက ပြောဆိုသည်။

ဓားပြတိုက်ခံရချိန်တွင် နေအိမ်တွင် ထီပေါက်သူတို့ ဇနီးမောင်နှံ၊ ဆယ်နှစ်အရွယ်နှင့် ငါးနှစ်အရွယ် ကလေးနှစ်ဦး ရှိနေခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

“ထီပေါက်တဲ့မိသားစုက PDF တွေကိုထောက်ပံ့နေလို့ သူတို့ (ပျူစောထီးတွေ) က လာစစ်ဆေးတဲ့ပုံစံမျိုးနဲ့ လာတယ်‌လို့ ပြောသံကြားရတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ထီပေါက်ထားသည်ကို သိရှိသဖြင့် ပျူစောထီးအဖွဲ့ဝင်တို့က လာရောက်ဓားပြတိုက်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။

ယင်းပြောဆိုချက်နှင့် ပတ်သတ်ပြီး Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။

PDF များကို ထောက်ပံ့နေသူများကိုလည်း နောက်ထပ် လာရောက်ရှာဖွေ ဖမ်းဆီးမည်ဟု ပြောဆိုခဲ့သဖြင့် နောက်တစ်ကြိမ်လာရောက်ပြီး ငွေကြေးပစ္စည်းများ လုယက်မည်ကို စိုးရိမ်နေကြကြောင်း ဒေသခံအချို့က ပြောသည်။