မုဒုံ ကြံ့ခိုင်ရေးလွှတ်တော်ကိုယ်စားလှယ်ဟောင်းနေအိမ် ဗုံးပေါက်

0
445

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်မြင့်၏ နေအိမ်တွင် ယနေ့ (မေ ၂၂) ဗုံးပေါက်ကွဲကြောင်း မြို့ခံတို့ထံမှ သိရသည်။

မုဒုံမြို့ မော်လမြိုင်-သံဖြူဇရပ်လမ်းမရှိ ဦးအောင်မြင့်နေအိမ်၌ ဖွင့်လှစ်ထားသည့် ကောင်းထက် မိတ္တူဆိုင်တွင် ယနေ့ မွန်းလွဲ ၂ နာရီခန့်က ပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ပေါက်ကွဲမှုကြောင့် ဦးအောင်မြင့်နှင့် အခြားတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး နေအိမ် အစိတ်အပိုင်း အချို့လည်း ထိခိုက်ပျက်စီးကြောင်း မြို့ခံများထံမှ သိရသည်။

“အိမ်က လမ်မဘေးမှာပဲ။ မိတ္တူဆိုင်ပါ တွဲဖွင့်ထားတာ။ ပေါက်ကွဲမှုကြောင့် ဦးအောင်မြင့်တော့ ဒဏ်ရာရတယ်။ ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်” ဟု ၎င်းမိသားစုနှင့် နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။

ဦးအောင်မြင့်၏ နေအိမ်ကို ၎င်းတို့အဖွဲ့က အနီးကပ်ဝင်ရောက်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း Mudon People Defence Force က ထုတ်ပြန်ထားသည်။

ဦးအောင်မြင့်သည် စစ်ကောင်စီအဖွဲ့ဝင် သတင်းပေးတစ်ဦးဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပြီးခဲ့သည့် ဧပြီလကလည်း မုဒုံ မြို့မ (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း (MSRO) က ဖောက်ခွဲခဲ့သေးသည်။

စစ်ကောင်စီ လက်အောက်ခံ ရုံး၊ ဌာနများ၊ ရဲ၊ စစ်သားနှင့် ဒလန်များကို ဆက်လက်တိုက်ခိုက်သွားမည်ဟုလည်း MSRO က ထုတ်ပြန်ထားသည်။