အလုပ်သမားကတ်များ အသစ်ထုတ်ပေးမည်ဟု ထိုင်းအစိုးရ ကြေညာ

0
570
မေလ ၁ ရက် အလုပ်သမားနေ့၌ ဘန်ကောက်မြို့တွင် အလုပ်သမားများ ဆန္ဒပြနေစဉ်-Bangkok Post

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် တရားမဝင်‌ ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်သမားကတ်အသစ် ပြုလုပ်ပေးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

မေလ ၁၉ ရက်နေ့က ကျင်းပသည့် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အစည်းအဝေးတွင် မြန်မာ၊လာအို၊ ကမ္ဘောဒီးယား၊ ဗီယမ်နမ်နိုင်ငံများမှ တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများကို အလုပ်သမားကတ် ပြုလုပ်ပေးမည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာက ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအစီအစဉ်တွင် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော Work permit(အလုပ်လုပ်ကိုင်ခွင့် လက်မှတ်) မရှိသေးသူနှင့် သက်တမ်းကုန်ဆုံးနေသောသူများ အားလုံးအကျုံးဝင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ယခုပြုလုပ်ပေးမည့် အလုပ်သမားကတ်သည် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော အထောက်အထားမဲ့ အလုပ်သမားများအတွက်သာဖြစ်ပြီး အသစ်ရောက်ရှိလာမည့်သူများ မပါဝင်သေးကြောင်း ဝန်ကြီးချုပ်ကဆိုသည်။

အလုပ်သမားကတ်ပြုလုပ်မည့် အလုပ်သမားစာရင်းကို ဇွန်လ ၁၆ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အတွင်း အလုပ်ရှင်များက တင်ပြရမည်ဖြစ်သည်ဟု ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) မှ ကိုဇော်ကပြောသည်။

“အခုအချိန်မှာတော့ အလုပ်ရှင်ရှာပြီး (အလုပ်သမားကတ်) တခါတည်းလုပ်တာ အဆင်ပြေတယ်။ အပြင်ပွဲစားနဲ့လုပ်ရင်တော့ ငွေကြေးနဲ့ သူဌေးပြောင်းတဲ့နေရာတွေမှာ အခက်အခဲရှိနိုင်တယ်” ဟု ၎င်းကဆိုသည်။

အလုပ်ရှင်များက မိမိလုပ်ငန်းရှိ အလုပ်သမားစာရင်းကို အလုပ်သမားရေးရာဌာနသို့ Online မှတစ်ဆင့် တင်သွင်းရမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်အထိ အလုပ်လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများသည် Work Permit ကို သက်တမ်း ၂ ကြိမ်အထိတိုးနိုင်ပြီး အလုပ်လုပ်ခွင့်သက်တမ်းမှာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်အထိ ရရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင်သက်တမ်းကုန်ဆုံးမည့် ရွှေ့ပြောင်းအလုပ်သမားများသည် ၂ ကြိမ်အထိ သက်တမ်းတိုးနိုင်ပြီး ထိုင်းနိုင်ငံအတွင်း နောက်ထပ် ၂ နှစ်လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ရွှေ့ပြောင်းအလုပ်သမားအရေး ထုတ်ပြန်စာတွင် အလုပ်သမားဗီဇာကြေးကိုလည်း ကုန်ကျငွေ ဘတ် ၂၀၀၀ မှ ၅၀၀ သို့ လျော့ချထားသည်ဟု ပါရှိပြီး အလုပ်သမားကတ် ပြုလုပ်ရာတွင် ကုန်ကျစရိတ်အသေးစိတ်ကို မသိရှိရသေးပေ။

ထိုင်းနိုင်ငံအတွင်းသို့ MOU စနစ်ဖြင့် လေကြောင်းမှတစ်ဆင့် ဝင်ရောက်လာမည့် အလုပ်သမားများကိုလည်း လက်ခံမည်ဖြစ်ပြီး ယခုလက်ရှိတွင် ထိုင်းနိုင်ငံနယ်စပ်ဂိတ်များဖြစ်သော တာခ့်ခရိုင်၊ စခေါင်းခရိုင်၊ နော့ခိုင်းခရိုင်၊ မုက်ဒဟန်ခရိုင်နှင့် ရနောင်းခရိုင်များတွင် အလုပ်သမား လက်ခံရေးစင်တာများ ဖွင့်လှစ်ထားကြောင်းသိရသည်။

ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်း တရားမဝင်လုပ်ကိုင်ပါက ဘတ် ၁၀၀၀၀ မှ ၁၀၀၀၀၀ အထိဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကာ အလုပ်လုပ်ခွင့် ၃ နှစ်အထိ ရပ်ဆိုင်းခံရမည်ဖြစ်ပြီး ‌ထောင်ဒဏ်အထိ ကျခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် အလုပ်အကိုင်ရရှိရေး ခက်ခဲလာမှုကြောင့် မြန်မာနိုင်ငံသား အများအပြား ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်လျက်ရှိပြီး နေ့စဉ်ဖမ်းဆီးခံရမှုများရှိနေသည်။

ကိုးကား The Labour Ministry (Thailand), Bangkok Post