တနင်္သာရီတိုင်းတွင် မေလ ၁၃ ရက်နေ့အထိ မိုးထစ်ချုန်းရွာမည်

0
605

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် တနင်္သာရီတိုင်းတွင် မေလ ၁၃ ရက်နေ့အထိ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အာစန်နီအမည်ရှိ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းမှာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွှေ့လျားမည့်အခြေအနေ မရှိသေးသော်လည်း မုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၀ ခုတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား၊ နေရာကွက်၍ မိုးထစ်ချုန်းရွာခြင်း၊ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းမုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း၊ မြိတ်၊ ပုလော၊ ကော့သောင်း စသည့် မြို့နယ်များတွင် မေလ ၅ ရက်နေ့မှ စတင်ကာ နေရာအချို့တွင် မိုးရွာသွန်းမှုများ ရှိနေကြောင်း‌ ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။

“ ၅ ရက်နေ့နဲ့ ၆ ရက်နေ့ကတော့ ရွာတယ်၊ နည်းနည်းပဲရွာတယ်” ဟု ကော့သောင်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

မောင်းမကန်ကမ်းခြေတွင်လည်း နေ့စဉ်ရက်ဆက် မိုးရွာနေသည်မှာ ၅ ရက်ရှိပြီဖြစ်သည်။

ဘုတ်ပြင်းမြို့နယ်တွင်လည်း လေးရက်ဆက်မိုးရွာသွန်းနေပြီး ရာဘာပင်အချို့ ပြိုလဲသည်မျိုးပင်ရှိကြောင်း ဒေသခံများကဆိုသည်။

မုန်တိုင်းအရှိန်ကြောင့် မိုးရာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများဖြစ်ပေါ်နိုင်သဖြင့် ပြည်တွင်းလေကြောင်းလိုင်းများနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်အနီးရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ ကြိုတင်သတိပြုနိုင်ရန် အထက်ပါဌာနက အသိပေးထုတ်ပြန်ထားသည်။

ဆိုင်ကလုန်းမုန်တိုင်း အာစန်နီ (Asani) သည် အိန္ဒိယနိုင်ငံ၊ ကာကီနာဒါမြို့၏ အရှေ့တောင်ဘက် ရေမိုင် ၁၅၅ မိုင်ခန့်၊ ဗီဆာကာပတ္တနပ်မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၇၀ မိုင်ခန့်၊ ဂိုလ်ပါပူမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်၂၆၅ မိုင်ခန့်၊ ပူရီမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၅၆၀ မိုင်ခန့်အကွာတွင်တည်ရှိနေသည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါမုန်တိုင်းသည် မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၅၆၀ မိုင်ခန့်နှင့် ဟိုင်းကြီးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၆၁၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၈ ပေမှ ၁၂ ပေအထိရှိနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။