ပရဒပ်အုပ်ချုပ်ရေးမှုး၏ညီ သေနတ်ဖြင့်ပစ်သတ်ခံရ

0
326

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ ပရဒပ်ကျေးရွာ အုပ်ချုပ်ရေးမှုး၏ညီဖြစ်သူ ဦးညီညီ ယနေ့ နေ့လယ်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ယနေ့နေလယ်ပိုင်းက မယင်းကြီးရွာရှိ ၎င်း၏ခြံသို့ ဆိုင်ကယ်ဖြင့်သွားရောက်စဉ် ပရဒပ်နှင့် မယင်းကြီးရွာကြား လမ်းပိုင်းတစ်နေရာတွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“သေနတ်ဒဏ်ရာက နားအုံ၊ ရင်ဘက်၊ နို့အုံ သုံးချက်ထိထားတယ်”ဟု ၎င်းကဆိုသည်။

သေဆုံးသူ အသက် သုံးဆယ်ကျော်အရွယ်ရှိ ဦးညီညီမှာ ပျူစောထီးဟု ကျော်ကြားသူ ပရဒပ်ရွာအုပ်ချုပ်ရေးမှူး မင်းဘာလီ(ခေါ်)ဦးမင်းမင်း၏ ညီဖြစ်သည်။

အစ်ကိုဖြစ်သူ ဦးမင်းမင်းမှာ စစ်ကောင်စီသတင်းပေး ဒလန်ဟုလည်း သတင်းများထွက်ပေါ်နေပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ မတ်လ ၂၃ ရက်နေ့က ၎င်း၏ နေအိမ်မီးရှို့ခံလိုက်ရကြောင်း ဒေသခံများထံမှသိရသည်။

ဦးမင်းမင်းနှင့်ဇနီးဖြစ်သူတို့ တိမ်းရှောင်နေသည်မှာ နှစ်လခန့်ရှိပြီဖြစ်သော်လည်း ညီဖြစ်သူဦးညီညီမှာ နေအိမ်၌ပင်ရှိနေကာ ခြံလုပ်ငန်း ဆက်လက်လုပ်ကိုင်နေကြောင်း ဒေသခံ တစ်ဦး၏ ပြောကြားချက်အရသိရသည်။

ဦးညီညီကို မည်သည့်အဖွဲ့က ပစ်ခတ်သွားသည်ဆိုခြင်းကိုမူ စုံစမ်းသိရှိရခြင်းမရှိသေးပေ။

သေဆုံးသူ၏ အလောင်းကို ယင်းကျေးရွာသင်္ချိုင်းတွင်ပင် ယနေ့ညနေ လေးနာရီအထိ ဒေသခံများက တွေ့ရသည်ဟုဆိုသည်။

သေဆုံးသူဦးညီညီမှာ မင်္ဂလာဆောင်ပြီးနောက် တစ်နှစ်ခန့်အကြာတွင် ပစ်သတ်ခံရခြင်းဖြစ်ပြီး သေဆုံးချိန်တွင် ဇနီးအပါအဝင် လေးလအရွယ် သမီးတစ်ဦးကျန်ခဲ့သည်။