မုဒုံမြို့မ (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်

0
263

မွန်ပြည်နယ်၊ မုဒုံမြို့ မြို့မ (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ (မေ ၆) နံနက်ပိုင်းက ဗုံးပေါက်ကွဲကြောင်း မြို့ခံအချို့က ပြောသည်။

နံနက် ၁၀ နာရီခွဲခန့်က ပေါက်ကွဲခြင်းဖြစ်ပြီး ယင်းနောက် ပေါက်ကွဲမှုဖြစ်ပွားရာ အနီးပတ်ဝန်းကျင်ကို လုံခြုံရေးတင်းကျပ်လိုက်သည့်အပြင် မြို့ပေါ်နေရာအချို့တွင်လည်း စစ်ကောင်စီတပ်က စစ်ဆေးနေ ကြောင်း မြို့ခံအချို့က ပြောဆိုသည်။

“ပေါက်ကွဲသံက အကျယ်ကြီးပဲ။ အိမ်ပါ တုန်သွားတယ်။ လူထိခိုက်တာ ဘာညာတော့ မကြားမိဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။

မုဒုံမြို့ မြို့မ (၄) ရပ်ကွက်ရုံးကို သတိပေးဖောက်ခွဲခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အခြေပြု တော်လှန်ရေး အဖွဲ့အစည်း (MSRO) က ထုတ်ပြန်ထားသည်။

ယခုဖောက်ခွဲမှုဖြစ်စဉ်သည် MSRO အနေနှင့် မုဒုံမြို့နယ်အတွင်း ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်နောင်တွင်လည်း စစ်ကောင်စီလက်အောက်ခံ ရုံး၊ ဌာနများ၊ ရဲ၊ စစ်သားနှင့် ဒလန်များကို ဆက်လက် တိုက်ခိုက်သွားမည်ဟုလည်း MSRO က ထုတ်ပြန်ထားသည်။

MSRO အဖွဲ့သည် ရေးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများအပြင် အုပ်ချုပ်ရေးမှူးနေအိမ်များ သတင်းပေးဟု သတင်းထွက်သူများ၏ နေအိမ်များကို မကြာခဏ တိုက်ခိုက်လေ့ရှိသည်။