ကော့သောင်းတွင် ကိုဗစ်ပိုးတွေ့လူနာ ၃၇ဦး တွေ့

0
216

ကော့သောင်းခရိုင်တွင် ယနေ့ (မေ ၆) ကိုဗစ်ပိုးတွေ့လူနာ ၃၇ဦး တွေ့ရှိကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယနေ့ ကိုဗစ်စစ်ဆေးချက်အရ ထိုင်းနိုင်ငံမှ ပြန်လာသူ ၁၃၃ ဦးအနက် ၂၄ ဦး၊ ပြည်တွင်းခရီးသွားဒေသခံ ၃၃ ဦးအနက် ၁၃ ဦး စုစုပေါင်း ၃၇ဦးတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက်က ပြောသည်။

“အခုတွေ့တာ များတာပေါ့နော်။ အရင်ရက်တွေကဆို တစ်နိုင်ငံလုံးမှ ဆယ်ဂဏန်းပဲရှိတာ။ အခု ကော့သောင်းမြို့နယ်ကတောင် ဆယ်ဂဏန်းတွေ့တယ်ဆိုတော့ ဒါသတိထားရမှာပေါ့။ စည်းကမ်းတွေ ပြန်လိုက်နာရမှာပေါ့နော်။ ခိုးဝင်သူတွေလည်း မရှိအောင် ပြန်ပြီးကြပ်မတ်ရမှာပေါ့နော်” ဟု ၎င်းက ဆိုသည်။

ပိုးတွေ့လူနာ ၃၇ ဦးတွင် အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၈ ဦးနှင့် ၄ နှစ်အရွယ် ကလေး တစ်ဦးပါဝင်ပြီး အားလုံး ကျန်းမာရေးကောင်းမွန်ကြောင်း ဒေါက်တာလင်းထိုက်က ပြောသည်။

ကော့သောင်းခရိုင်တွင် ကိုဗစ်ပိုးတွေ့လူနာ မတွေ့ရှိသည်မှာ တစ်လခန့်ကြာပြီဖြစ်ပြီး ယနေ့တွင် ၃၇ ဦး ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ရောဂါကူးစက်ဖြစ်ပွားမှုများ ဆက်ရှိနေသေးသဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများအနေဖြင့် ကာကွယ်ဆေးထိုးထားကြရန် လိုအပ်ကြောင်း ဒေါက်တာလင်းထိုက်က ပြောဆိုသည်။

ကာကွယ်ဆေးထိုးထားမှသာ ရောဂါကို ခုခံကာကွယ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။