ဧကနိရွာတွင် ဒလန်ဟုဆိုသူအမျိုးသားတစ်ဦး ပစ်သတ်ခံရ

0
292

ရေဖြူမြို့နယ် ဧကနိရွာက သတင်းပေးဒလန်ဟုဆိုသူ အမျိုးသားတစ်ဦး မေလ ၅ရက်နေ့ ညနေ ၅ နာရီခန့်က နေအိမ်၌ရှိနေစဉ် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများက ပြောသည်။

ပစ်ခတ်ခံရသူမှာ အသက်၅၅ နှစ်အရွယ် ဦးကြည်စိုး ဆိုသူဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“(ကျည်) လေးငါးခြောက်ချက်လောက် ထိတယ်ပြောတယ်” ဟု ဧကနိရွာသားတစ်ဦးက ပြောသည်။

အလောင်းမှာ နေ့လယ်ပိုင်းအထိ နေအိမ်တွင်ရှိနေခဲ့ပြီး မွန်းလွဲပိုင်းတွင် သင်္ဂြိုဟ်လိုက်သည်ဟု ကြားသိရကြောင်း ၎င်းက ဆိုသည်။

ဦးကြည်စိုးသည် ရွေးကောက်ပွဲကာလများတွင် ကြံ့ခိုင်ရေးပါတီ အောင်နိုင်ရေးအတွက် လုပ်ဆောင်ပေး သည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။

၎င်းသည် စစ်ကောင်စီတပ် ဧကနိကျေးရွာတွင် တပ်စွဲစဉ်က တူတော်စပ်သူတစ်ဦးကို ဖမ်းခိုင်းဖူးကြောင်း ဒေသခံအချို့က ပြောဆိုသည်။ တူဖြစ်သူမှာ စစ်ကောင်စီကို ဆန့်ကျင်သည် ရေးသားချက်များကို Facebook ပေါ်တင်ခဲ့သူဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဦးကြည်စိုးကို ရေဖြူမြို့နယ်အခြေစိုက် PDF အဖွဲ့ဖြစ်သည် ဇင်ယော်တပ်စုက ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းတပ်စုက ထုတ်ပြန်ထားသည်။

ဦးကြည်စိုးသည် စစ်ကောင်စီသတင်းပေးဖြစ်ပြီး စစ်ကောင်စီတပ် ဧကနိရွာတွင် စစ်ကောင်စီတပ် တပ်စွဲစဉ်က ရွာသားများကို ဖမ်းဆီးခိုင်းသောကြောင့် ရွာသားများ ဖမ်းဆီးခံရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် ယင်းသို့ပစ်ခတ်ရှင်းလင်းလိုက်ရခြင်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။