ဘီးလင်းမြို့နယ်မှ စစ်ရှောင်များ စားဝတ်နေရေး အခက်အခဲဖြစ်

0
505

တိုက်ပွဲများဖြစ်ပွားနေပြီး လက်နက်ကြီးများ ကျရောက်နေခြင်းကြောင့် နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်နေကြသည့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှ စစ်ရှောင်များမှာ စားဝတ်နေရေး အခက်အခဲကြုံ တွေ့နေရသည်ဟု ဒေသခံများထံမှသိရသည်။

စစ်ကောင်စီတပ်တို့မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) နယ်မြေရှိ ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံ ၇၀၀၀ ကျော်မှာ ဧပြီလ ၂၃ ရက်နေ့မှစကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

”အများစုကတော့ တောထဲ တောင်ထဲမှာပဲ ရှောင်နေကြတယ်၊ အခုဆို ပါလာတဲ့ ရိက္ခာတွေလဲ နည်းလာပြီး  ရွာပြန်သယ်ဖို့ကလဲ မပြန်ရဲကြဘူး” ဟု တိမ်ရှောင်နေရသည့် ဒေသခံတစ်ဦးက ပြောသည်။

ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့စခန်းချနေသည့် လေးကေနှင့် ဝင်တာပန်တို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဧပြီလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာသွားရန် KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO တပ်ရင်း ၂ ကစာ ထုတ်ပြန်ပြီးနောက် နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေါဇံကြီးကျေးရွာမှ အသက် ၁၄ နှစ်အရွယ်နှင့် အသက် ၆၆ နှစ်အရွယ် အမျိုးသမီးနှစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့တို့ ပစ်ခတ်မှုကြောင့် နေအိမ် ၈ လုံးထက်မနည်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်။

၎င်းပြင် မေလ ၁ ရက်နေ့ကလည် စစ်ကောင်စီတပ်မှ လေးကေကျေးရွာကို  လေယာဥ်ဖြင့် နှစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့သည်ဟုလည်း KNU ဘက်က ထုတ်ပြန်ထားသည်။

အဆိုပါ လေယာဥ်ဖြင့် လာရောက်ပစ်ခတ်မှုကြောင့် လူနေအိမ် (၁၀) လုံးနှင့် သီလရှင်ကျောင်းဆောင် (၁) ဆောင် မီးလောင်ပျက်စီးခဲ့သည့်အပြင် နေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်။